ဘန်ကောက်၊ နိုဝင်ဘာ ၂၇
အငြင်းပွားနေတဲ့ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာရှိတဲ့ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်း ၉ ခုကနေ ဆုတ်ခွာပေးဖို့ ထိုင်း တော်ဝင်စစ်တပ်ရဲ့ တောင်းဆိုမှုကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ UWSA “ဝ” တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။
မိမိတို့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာရေးကိစ္စကို အစိုးရအဆင့် ဆွေးနွေးရမှာ ဖြစ်တယ်လို့ “ဝ”တပ်ဖွဲ့က ပြောကြားထားပါတယ်။
ရှမ်းပြည်နယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုကို ထိန်းချုပ်ထားတဲ့ “ဝ”တပ်ဖွဲ့ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်အနီးရှိ တာချီလိတ်အပါအဝင် ဒေသ ၅ ခုမှာ တပ်စွဲထားတာဖြစ်ပြီး သူတို့ရဲ့ ၁၇၁ စစ်ဒေသ တစ်စိတ်တစ်ပိုင်းအဖြစ် တပ်စွဲထားတာလို့ ဆိုပါတယ်။
စစ်စခန်း ၉ ခုမှာရှိနေတဲ့“ဝ”တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာဖို့ ထိုင်းက တောင်းဆိုခဲ့ပြီးနောက် “ဝ”တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ ထိုင်းတော်ဝင်စစ်တပ် အရာရှိတွေဟာ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်က ချင်းမိုင်မှာ တွေ့ဆုံပြီး တင်းမာမှု လျှော့ချရေး ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
“ဝ”တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ဒါဟာ အစိုးရချင်း ညှိနှိုင်းရမယ့်ကိစ္စဖြစ်တယ်လို့ စစ်ကောင်စီကို ရည်ညွှန်းပြီး တုံ့ပြန်ထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ မိမိတို့ တပ်တွေနဲ့ ထိုင်းစစ်တပ်ကြား တင်းမာမှု အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိနေတယ်လို့ “ဝ”တပ်ဖွဲ့က ပြောပါတယ်။
ထိုင်းတော်ဝင် စစ်တပ်က နယ်စပ်အနီးမှာ နိုဝင်ဘာ ၂၅ ရက်ကနေ စတင်ပြီး အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောလောဆယ်မှာ နှစ်ဖက်တပ်တွေ တိုက်ခိုက်မှု မရှိသေးပေမယ့် “ဝ”တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ထိပ်တိုက် အနေအထား ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနဲ့ ထိုင်းကြား အငြင်းပွားနေတဲ့ အဲဒီဒေသတွေဟာ အရင်က မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မွန်ထိုင်း တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တာ ဖြစ်ပြီး စစ်တပ်နဲ့ မွန်ထိုင်း တပ်ဖွဲ့ကြား ပဋိပက္ခ ဖြစ်လာချိန်မှာ စစ်တပ်က သူတို့ မဟာမိတ် “ဝ”တပ်ဖွဲ့ကို အဲဒီဒေသတွေဆီ ချထားခဲ့တာ ဖြစ်တယ်လို့ မြန်မာတိုင်းရင်းသားအရေး လေ့လာသူတွေက ပြောပါတယ်။
အခုအချိန်မှာ “ဝ”တပ်ဖွဲ့ရဲ့ စစ်ဒေသ ၁၇၁ ထဲမှာ လူဦးရေ တစ်သိန်းကျော် ရှိနေပြီ ဖြစ်တာကြောင့် အဲဒီဒေသတွေကနေ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ထားပါတယ်။
Ref:rfa