ဒူဘိုင်း၊ နိုဝင်ဘာ ၂၆
ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမာ့စ်နဲ့ ဟစ်ဇဘိုလာအဖွဲ့ဆီ ကူညီမှုတွေပေးနေတဲ့ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်း မထုတ်သင့်ဘဲ သေဒဏ်ချမှတ်သင့်တယ်လို့ နိုဝင်ဘာ ၂၅ ရက်က ပြောကြားလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမာ့စ် ခေါင်းဆောင် အေဗရာဟင် အယ်လ် မာဆရီတို့ကိုနိုင်ငံတကာရာဇဝတ်မှု တရားရုံး ICC က နိုဝင်ဘာ ၂၁ ရက်မှာ ဖမ်းဝရမ်းထုတ်မှုနဲ့ ပတ်သက်လို့ ခေါင်းဆောင်ကြီး ခါမေနီက အခုလိုမျိုး မှတ်ချက်ပြုသွားတာ ဖြစ်ပါတယ်။
ဖမ်းဝရမ်း ထုတ်ရုံနဲ့ မလုံလောက်ဘဲ အဲဒီ ရာဇဝတ်ခေါင်းဆောင်တွေအတွက် သေဒဏ်ထုတ်ရမှာ ဖြစ်တယ်လို့ ခေါင်းဆောင်ကြီး ခါမေနီက အစ္စရေးခေါင်းဆောင်တွေကို ရည်ညွှန်းပြောဆိုလိုက်တာပါ။
ဂါဇာမှာ အရပ်သား ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ တိုက်ခိုက်မှုအတွင်း ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂေါလန့်တို့ဟာ လူသတ်မှု၊ ဖိနှိပ်မှုနဲ့ အစာအငတ်ထားမှုတို့ကို စစ်ပွဲ ဆင်နွှဲမှု တစိတ်တပိုင်းအဖြစ် အသုံးချခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ICC တရားသူကြီးတွေက ပြောကြားထားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အရှက်ရစရာကောင်းပြီး မဖွယ်မရာ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အစ္စရေးက ဒေါသတကြီး တုံ့ပြန်ထားပါတယ်။
ဂါဇာ ပြည်သူတွေကတော့ တရားရုံး ဆုံးဖြတ်ချက်ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို တရားဥပဒေရှေ့မှောက် ဆောင်ကျဉ်းရေး အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်နေကြပါတယ်။
သည်ဟေ့ဂ်မြို့ အခြေစိုက် ICC တရားရုံးရဲ့ တရားစီရင်မှုကို အစ္စရေးက ပယ်ချပြီး ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဟားမာ့စ် ခေါင်းဆောင် အယ်လ် မာဆရီကိုတော့ ICC က ၂၀၂၃ အောက်တိုဘာ ၇ ရက်က အစ္စရေး တောင်ပိုင်းသို့ ဝင်ရောက် တိုက်ခိုက်မှုအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု စွဲချက်တွေနဲ့ ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။
အဲဒီ ဟားမာ့စ် ခေါင်းဆောင် အယ်လ် မာဆရီကို လေကြောင်း တိုက်ခိုက်မှုအတွင်း သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးက ပြောဆိုထားပေမယ့် ဟားမာ့စ်က ငြင်းလည်း မငြင်းသလို ဝန်ခံထားတာလည်း မရှိပါဘူး။
လောလောဆယ် အစ္စရေးနဲ့ ဟားမာ့စ်၊ လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခါနီးပြီလို့ အမေရိကန်က ပြောကြားထားချိန်မှာ အဲဒီ သဘောတူညီမှုအတွက် အစ္စရေးက ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
Ref:Reuters