ဖာပွန်၊ နိုဝင်ဘာ ၂၇

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အခြေစိုက်တဲ့ မထောတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးပြီး တောင်သုံးလုံးတပ်စခန်းဆီ ထွက်ပြေးဝင်ရောက်သွားတယ်လို့ KNU တပ်မဟာ ၅ ထံကနေ သိရပါတယ်။

မထောတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မထောစခန်းအောက်ဘက်ရှိ ခွေးသေနဲ့ တောင်သုံးလုံးစခန်းဘက်ကို ထွက်ပြေးသွားခဲ့တာပါ။

မထောစခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ ဆုံးခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် အလက် ၂၀ ကျော်အပါအဝင် မိုင်းနဲ့ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂၀ ဦးကတော့ ကစဉ့်ကလျားနဲ့ ဆုတ် ခွာထွက်ပြေးသွားကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNLA တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကတော့ မထောစခန်းကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုအတွင်း လွတ်မြောက်သွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖာပွန်-ကတိုင်တိ-ကမမောင်းကာလလမ်းပေါ်က တောင်သုံးလုံးတပ်စခန်းထဲ ဝင်ရောက်သွားတယ်လို့ ပြောပါတယ်။

ဖာပွန်မြို့ကနေ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ မထောစခန်းနဲ့ ကူးဆိပ်စခန်းတို့ တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့ကနေတစ်ဆင့် ကတိုင်တိ၊ တောင်သုံးလုံးတပ်စခန်းဆီ စစ်ကူပေးပို့နိုင်ဖို့ ကြိုးစားခဲ့ရာမှ အခုရက်ပိုင်းထဲမှာ KNLA တပ်မဟာ ၅ ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။

ကမမောင်းမြို့ကနေ စစ်ကူတက်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA တပ်မဟာ ၅ တို့အကြား ကတိုင်တိကျေးရွာမရောက်ခင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၆ ဦး သေဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဖာပွန်ဘက်ကို စစ်ကူပေးပို့နိုင်ဖို့အတွက် ကမမောင်း၊ ကတိုင်တိစခန်းကနေတစ်ဆင့် တပ်အင်အားတွေကို ပေးပို့ခဲ့ရာမှာ မကြာခဏကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ပြီးခဲ့တဲ့ စက် တင်ဘာလအတွင်းက ကြားဖြတ်တိုက်ခိုက်ခံခဲ့ရမှုကြောင့် စစ်ကောင်စီတပ်က အထိနာခဲ့ကာ ကမမောင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာကိုလည်း ဆက်လက်ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်ပြီး ဗျူဟာစခန်းကို ဝိုင်းရံပိတ်ဆို့နေတဲ့အချိန် ဖာပွန်မြို့ပြင်က စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တစ်ခုပြီးတစ်ခု တိုက် ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.