ထားဝယ်၊ နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်း ထားဝယ်နဲ့လောင်းလုံးမြို့နယ်အကြားရှိ ထားဝယ်မြစ်အတွင်း ငါးဖမ်းလှေတွေအ ပါအဝင် စက်လှေအားလုံး ဖြတ်သန်းသွားခွင့်ကို စစ်ကောင်စီဘက်က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ထားဝယ်မြစ်အတွင်း သွားလာနေတဲ့ ငါးဖမ်းလှေ၊ ကျောက်သဲစက်လှေတွေနဲ့ ခရီးသည်တင် စက်လှေတွေကို မြစ်အတွင်း သွားလာခြင်းမပြုဖို့နဲ့ မလိုက်နာပါက ပစ်ခတ်ဖမ်းဆီးသွားမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားပါတယ်။

ထားဝယ်မြစ်အတွင်း စက်လှေတွေသွားလာခွင့်ကို စစ်ကောင်စီတပ်က စာထုတ်ညွှန်ကြားတာ မ ဟုတ်ဘဲ အုပ်ချုပ်ရေးမှူးတွေကတဆင့် နှုတ်အမိန့်နဲ့ အသိပေးအကြောင်းကြားလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ထားဝယ်မြစ်အတွင်း သွားလာခွင့်ကို အချိန်ကာလတစ်ခု သတ်မှတ်ပေးဖို့ ရေလုပ်သားတွေက မြို့ နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် စစ်တပ်ကအမိန့်ဖြစ်တာကြောင့် သတ်မှတ်ပေးလို့ မရကြောင်း အကြောင်းပြန်လာပါတယ်။

အခုလို စစ်ကောင်စီဘက်က ထားဝယ်မြစ်အတွင်း သွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် ဒေသခံရေလုပ်သားတွေနဲ့ ခရီးသည်ပို့ဆောင်နေတဲ့ စက်လှေမောင်းသမားတွေဟာ ရေရှည်မှာ စားဝတ်နေရေး ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒေသခံတွေရဲ့ ယူဆချက်အရ ထားဝယ်မြစ်အတွင်း စစ်ကောင်စီဘက်က ရေကြောင်းနဲ့ စစ်ကူပို့ ဆောင်ဖို့ ဒါမှမဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေက စက်လှေတွေနဲ့ လာပြီး ထားဝယ်မြို့ပေါ်မှာ ပစ် ခတ်တိုက်ခိုက်မှုတွေ လာလုပ်နေတဲ့အတွက် ကန့်သတ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ရေဖြူဘက်ကို ရေလမ်းကနေတဆင့် အမြန်ယာဉ်နဲ့ စစ်ကူပို့ချိန် ထားဝယ်မြစ်အတွင်း ငါးဖမ်းနေတဲ့ စက်လှေငယ်သုံးစီးကို သိမ်းဆည်းပြီး ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးသွားပါသေးတယ်။

ထားဝယ်မြစ်အတွင်းမှာ နေ့စဉ် ငါးဖမ်းလှေ၊ ကျောက်သဲစုပ်တဲ့ စက်လှေတွေအပါအဝင် တဖက်ကမ်းနဲ့တဖက်ကမ်းကို ခရီးသည်ပို့ဆောင်နေတဲ့ စက်လှေငယ်တွေအပါအဝင် စက်လှေအစီးရေ ရာနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.