ဝါရှင်တန်၊ နိုဝင်ဘာ ၂၆
အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှုနဲ့ မူးယစ်ဆေး မှောင်ခို တင်သွင်းမှုတွေကို တားဆီးပေးဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒေါ်နယ်ထရန့်က သူ့ရဲ့ သမ္မတသက်တမ်း ပထမဆုံးနေ့မှာပဲ တရုတ်၊ မက္ကစီကိုနဲ့ ကနေဒါတို့အပေါ် အခွန်အသစ်တွေ ပြဌာန်းသွားမှာ ဖြစ်တယ်လို့ ကြွေးကြော်လိုက်ပါတယ်။
လာမယ့် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် မက္ကစီကိုနဲ့ ကနေဒါက အမေရိကန်သို့ တင်သွင်းတဲ့ ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ့် အထူးအမိန့် တစ်ရပ်ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ထရန့်က ပြောကြားထားပါတယ်။
တရုတ်က အမေရိကန်နိုင်ငံထဲသို့ ဖန်တနိုင်း မူးယစ်ဆေးတွေ တင်သွင်းနေမှု အဆုံးမသတ်ခင်အထိ တရုတ် ကုန်ပစ္စည်းတွေအပေါ် လက်ရှိ ချမှတ်ထားတဲ့ အခွန်တွေထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသွားမှာ ဖြစ်တယ်လို့ ရွေးကောက်ခံသမ္မတ ထရန့်က ပြောဆိုထားတာပါ။
ထရန့်က သူခြိမ်းခြောက်ထားတဲ့အတိုင်း အခွန်တွေ ကောက်ခံခဲ့မယ်ဆိုရင် အမေရိကန်နဲ့ သူ့ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် သုံးနိုင်ငံကြား တင်းမာမှုတွေ သိသိသာသာ မြင့်မားလာမှာ ဖြစ်ပါတယ်။
ထရန့်က အခုလို ခြိမ်းခြောက် ပြောဆိုပြီးနောက် တရုတ်က ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာရင် ဘယ်သူမှ အနိုင်ရမှာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုထားပါတယ်။
မက္ကစီကိုနဲ့ ကနေဒါအနေနဲ့ အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ဝင်ရောက်နေမှု အဆုံးသတ်အောင် လုပ်ဆောင်တဲ့ အချိန်အထိ အဲဒီ အခွန်အတုပ်တွေကို ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ ထရန့်က ပြောကြားထားပါတယ်။
မက္ကစီကိုနဲ့ ကနေဒါ နှစ်နိုင်ငံစလုံးဟာ ဒီလို ရေရှည် မထိခိုက်စေရေး အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသလို ဖြေရှင်းခွင့်လည်း ရှိတယ်လို့ သူက ပြောပါတယ်။
သီးခြားသတင်းစကားအနေနဲ့ တရုတ်အရာရှိတွေဟာ အမေရိကန် နိုင်ငံထဲသို့ ဖန်တနိုင်း မူးယစ်ဆေး တင်ပို့သူတွေကို သေဒဏ်ပေးမယ်လို့ ကတိပေးထားပေမယ့် ကတိအတိုင်းမဆောင်ရွက်ဘူးဆိုရင် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။
ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နဲ့ တရုတ်ကြား စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ သဘောသဘာဝအားဖြင့် နှစ်နိုင်ငံ အကျိုးရှိစေတဲ့အတွက် ကုန်သွယ်ရေးစစ်ပွဲနဲ့ အခွန်အတုပ် စစ်ပွဲမှာ ဘယ်သူမှ အနိုင်ရလိမ့်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ ဖန်တနိုင်း သုံးစွဲမှုကြောင့် နိုင်ငံသား ၇၅၀၀၀ သေဆုံးခဲ့ပြီး တရုတ်အနေနဲ့ ဖန်တနိုင်း ထုတ်လုပ်နိုင်တဲ့ ပါဝင် ပစ္စည်းတွေကို တားမြစ်ရေး ဝါရှင်တန်က တောင်းဆိုထားပါတယ်။
Ref:BBC