လားရှိုး ၊ နိုဝင်ဘာ ၂၇

စစ်အုပ်စုကို အ‌ရေးနိမ့်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘော ထားကိုယ်စီ ထုတ်ပြန်လာကြပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA နဲ့ TNLA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ စစ်‌ကောင်စီရဲ့ စိုးမိုးနယ်မြေအားလုံးနီးပါးကို သိမ်းယူပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုနဲ့အတူ တရုတ်အစိုးရရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတာပါ။

တစ်ဘက်မှာ စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ယိုင်နဲ့နေပေမယ့် စစ်အုပ်ချုပ်ရေး ရှိနေသေးတာကြောင့် နိုင်ငံတကာအနေနဲ့ ဗဟိုအာဏာစက် ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီကို ဆက်ဆံနေရပါတယ်။

ဒါဟာ နိုင်ငံရဲ့ အုပ်ချုပ်မှုအာဏာအတွင်း စစ်တပ်ဟာ တစိတ်တပိုင်းအဖြစ် တည်ရှိနေပြီးသားဖြစ်တာကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို တွေ့ဆုံဆွေးနွေးဖို့ အခြေအနေရောက်လာတာလို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြကြပါတယ်။

MNDAA နဲ့ TNLA တို့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အချိန်ကာလခြားပြီး ကြေ ညာချက်ထုတ်ပြန်ပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်စွဲကိုင်သွားမယ်လို့ ကိုယ်စီ အသိပေးထားတာပါ။

နိုင်ငံရေးသုတေသီတစ်ဦးက စစ်ကောင်စီဟာ လာမယ့်နှစ်မှာ ရှမ်းမြောက်ဒေသတစ်ခုလုံးကို ပြန်သိမ်းဖို့ရှိတာကြောင့် MNDAA နဲ့ TNLA တို့က နိုင်ငံရေးအရ ကြိုတင်ကန့်သတ်ထားချင်တဲ့အတွက် ဒီလိုမျိုး သဘောထားထုတ်ပြန်တာလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက ၂၀၂၅ မတ်လ ၂၇ မတိုင်ခင် လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသတခုလုံးကို အ ပြီးပြန်သိမ်းဖို့ရှိတယ်။ မကြာခင် တန်ပြန်ထိုးစစ်စတော့မှာပါ။ MNDAA နဲ့ TNLA တို့က ဒါကို နိုင်ငံ ရေးအရ ကြိုကန့် ထားချင်တဲ့အတွက် ဒီလိုထုတ်ပြန်လိုက်တာပါ။ စစ်ကောင်စီထိုးစစ်ဆင်လာရင် ကိုယ့်ကိုယ်ကို ပြန်လည်ခုခံကာ ကွယ်ပိုင်ခွင့်အနေနဲ့ စစ်မျက်နှာပြန်ဖွင့်လို့ရလာမယ်။ တရုတ်ဖိအားကိုလည်း ရှောင်လွှဲပြီးသားဖြစ်သွားမယ်”လို့ ဆိုပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးကို ထောက်ထားပြီး နယ်စပ်တည်ငြိမ်းရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တွေ့ ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေ ညာခဲ့ပါတယ်။

စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ဖို့ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုတွေကို TNLA က အပြုသဘောဆောင်တဲ့အမြင်နဲ့ ကောင်းမွန်တဲ့ ရလဒ်တွေရရှိဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

MNDAA ကလည်း မြန်မာနိုင်ငံအခြေအနေကို တရုတ်အစိုးရက ကြားဝင်စေ့စပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး ပဋိပက္ခတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ အဖြေရှာသွားမယ်ဆိုပြီး စက် တင်ဘာ ၁၈ ရက်နေ့က အသိပေးထားတာပါ။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက နယ်မြေစိုးမိုးဖို့ အသာစီးရလာတဲ့ အဖွဲ့တွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ပုံစံ ထူထောင်လို့ ရနိုင်မလားဆိုတဲ့ ဆွေးနွေးမှုမျိုးကနေ အခြေခံပြီး စဉ်းစားကြတာလို့ သုံးသပ်ပါတယ်။

“အထူးသဖြင့် ၁၀၂၇ နောက်ပိုင်းမှာ လှုပ်ရှားလာပြီးတော့ သူတို့ရဲ့ နယ်မြေဒေသစိုးမိုးဖို့အတွက်ကို အသာစီးရလာတဲ့ အဖွဲ့တွေအနေနဲ့ ဆိုရင်တော့ လတ်တလောအခြေအနေမှာ ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးလို့ရတဲ့အခြေအနေမျိုးအဖြစ် သူတို့ စဉ်းစားကြတဲ့ဟာမျိုးလည်း ရှိကြတယ်။ တကယ်လို့ အဲဒီလိုမျိုး စဉ်းစားလိုက်တယ်ဆိုရင် သူတို့ရဲ့ နယ်မြေဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသပုံစံမျိုး တစ် ခုခု ပြောင်းလဲတဲ့ အုပ်ချုပ်ရေးစနစ်ပုံစံမျိုးကို ပြန်လည်ထူထောင်လို့ ရနိုင်မလားဆိုတဲ့ ဆွေးနွေးမှုမျိုး လုပ်ကောင်းလုပ်လာနိုင်တယ်။အဲဒီအခြေကနေပြီးတော့ စဉ်းစားကြတယ်လို့ နားလည်လို့ ရတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တွေထဲမှာ မိမိတို့ ဒေ သကို မိမိတို့ ထိန်းချုပ်နိုင်ရေးဆိုတဲ့အချက် ပါဝင်ပါတယ်။ဒီအတွက်ကြောင့် ရှမ်းမြောက်က ကိုးကန့်နဲ့ တအာင်းဒေသ တွေမှာ ရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးယန္တရားတစ်ခုလုံးနီးပါး ဖြိုချခံခဲ့ရတာပါ။

အဆိုးဝါးဆုံးမှာ စစ်အင်္ဂါစဉ် နံပါတ် ၃ မှာရှိတဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို စစ်ကောင်စီလက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ဆုံးရှုံးထားရတဲ့ မြို့ရွာတွေကို နေ့စဉ်နီးပါး လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။

ဒီအပေါ် TNLA က စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ စစ်တပ်စခန်းတွေကို ကင်းစင်အောင် တိုက်ထုတ်နိုင်ခဲ့ပေမယ့် ပြည်သူလူထုကို ဦးတည်ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကို အပြစ်မဲ့ပြည်သူတွေ ဆိုးရွားပြင်းထန်စွာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ဘေးဒဏ်အလူးအလဲခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ထားညှာတာခြင်းနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေး နွေးအဖြေရှာဖို့ TNLA က အမြဲတမ်းအဆင့်သင့်ရှိတယ်ဆိုပြီး ကြေညာခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နှစ်ဘက်တွေ့ဆုံဆွေးနွေးတဲ့အခါ TNLA ဘက်က စစ်ရပ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ရပ်ဆိုင်းပေးဖို့ စစ်ကောင်စီကို တောင်းဆိုလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ (TNLA) သူ့ဘက်ကလည်း တရုတ်က စစ်ရပ်ခိုင်းလို့ ရပ်မယ်။ ဒါပေမယ့် သူ့ဘက်ကလည်း တောင်းဆိုမှာပေါ့။ အကြမ်းဖက်အင်အားစုအဖြစ် မင်းအောင်လှိုင် သတ်မှတ်ထားတဲ့အရာတွေ ဖျက်သိမ်းပေးရမယ်။ နောက်ပြီး တော့ လေကြောင်းထိုးစစ်နဲ့ လက်နက်ကြီးပစ်ခတ်နေတာတွေ ရပ်ဆိုင်းပေးရမယ် စတဲ့တောင်းဆိုချက်တွေ တောင်းဆိုပါလိမ့်မယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ တွေ့ဆုံဆွေးနွေးဖို့ မသေချာပေမယ့် လေကြောင်းနဲ့ စစ်ရေးတိုက် ခိုက်မှုတွေကိုတော့ စစ်ကောင်စီဘက်က ဆက်လုပ်နေမှာဖြစ်တဲ့အတွက် ဆွေးနွေးပွဲရလဒ်ဟာ လက်တွေ့အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ သူကထောက်ပြပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ TNLA ရဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဘယ်လိုပုံစံမျိုး ဆွေးနွေးဖို့ ရှိနေမလဲဆိုတာ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အ ကြောင်းပြန်ခြင်း မရှိပါဘူး။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ MNDAA၊ TNLA နဲ့AA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စက်တင်ဘာလဆန်းကတည်းက ကြေညာထားတာပါ။

စစ်ခေါင်းဆောင်ကတော့ MNDAA ၊ TNLA ၊ AA တို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြသလာမှသာ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မယ်ဆိုပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ တရုတ်ဝန်ကြီးချုပ်ကို အသိပေးပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA/MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.