“ကျွန်တော်တို့ တိုက်နေတာသည် စနစ်ပြောင်းတော်လှန်ရေး ဖြစ်တယ်။ အရင်က CDM လုပ် အလုပ်ထွက်ခွာခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုအတွက်လည်း ပါတယ်။ အလုပ်တွေသိမ်းခံရလို့ စားသောက်ကုန်လုပ်ငန်းတွေ အရပ်ခံရတဲ့ကိစ္စတွေ ဖြစ်တဲ့ အလုပ်ရှင်တွေ အတွက်လည်း ပါတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်” – ဦးမောင်မောင် (CTUM – ဥက္ကဌ)
အပိုင်း ၁ မှ အဆက်
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးမှာ စစ်ကောင်စီကို ILO အခြေခံဥပဒေ – ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ ညီလာခံ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ပေမယ့် အခုကော်မတီ အစည်းအဝေးမှာ အရေးယူဖို့ ဆုံးဖြတ်ချက်ချဦးမှာမဟုတ်ဘဲ ၂၀၂၅ ခုနှစ် ဇွန်လကျမှ အရေးယူဖို့ စီစဉ်တာဖြစ်ပါတယ်။
CTUM – ဥက္ကဌ ဦးမောင်မောင်နဲ့ ဆွေးနွေးတင်ဆက်ခဲ့တဲ့ ပြီးခဲ့တဲ့ အပိုင်းမှာတော့ ILO က စစ်ကောင်စီအပေါ် အရေးယူမှုလုပ်ဆောင်မယ့် ကိစ္စဟာ စစ်ကောင်စီကို ဘယ်လောက် အထိနာစေနိုင်တယ်။ ဘယ်လို သက်ရောက်မှုတွေ ရှိစေနိုင်တယ်ဆိုတာ ယေဘုယျအားဖြင့် တင်ဆက်ခဲ့ပါတယ်။ အခုတစ်ပိုင်းမှာတော့ ဒီလိုအရေးယူလုပ်ဆောင်မှုရဲ့ နက်ရှိုင်းတဲ့ သက်ရောက်မှုတွေ၊ အဲဒီလိုသက်ရောက်မှုတွေအပေါ် အလုပ်သမားလူထုရဲ့ စိုးရိမ်ချက်တွေအကြောင်း ပြောဆိုထားကြပါတယ်။
မေး – Article 33 ကို အတည်ပြုလိုက်ပေမယ့် ၂၀၂၅ နှစ်လယ်ပိုင်းလောက်မှသာ ဆုံးဖြတ်ကြမယ်ဆိုတော့ အချိန်ကွာခြားချက်ရှိတဲ့အနေအထားမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
ဖြေ – ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်မှာ အုပ်ချုပ်မှုကော်မတီဆိုတာ ရှိပါတယ်။ တစ်နှစ်မှာ သုံးကြိမ်အစည်းအဝေးလုပ်ပါတယ်။ အခုနိုဝင်ဘာလ အစည်းအဝေးပြီးသွားတဲ့အခါမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ ILO ရဲ့ ညွှန်ချုပ်ပေါ့ဗျာ။ အမြင့်ဆုံးတာဝန်ရှိတဲ့ အလုပ်သမားပေါ့။ ညွှန်ချုပ်ဆိုတာလည်း အလုပ်သမားပါပဲ။ ဦးဆောင်အုပ်ချုပ်မှုကော်မတီက ညွှန်ချုပ်ကို လာမယ့်၂၀၂၅ ညီလာခံပေါ့။
ညီလာခံမှာ Article 33 အရ အရေးယူဖို့ စာကြမ်းရေးဖို့ အရေးယူဖို့ ပြောလိုက်ပါပြီ၊ ဆိုတော့ အဲဒီ Article 33 က စစ်အုပ်စုအပေါ်မှာ သက်ရောက်မှု ရှိမှာ ကျိန်းသေပါ။ လာမယ့်မတ်လ အစည်းအဝေးမှာ စစ်အုပ်စုသည် ဒီကြားထဲမှာ ပြုပြင်ပြောင်းလဲမှု လုပ်သလား။ မလုပ်ဘူးလား။ ပါးစပ်နဲ့ပြောလို့မရပါဘူး။
တကယ့်မြေပြင်မှာ ရပ်လိုက်ရမယ့်ကိစ္စတွေ မရပ်ဘဲ ဆက်ကျူးလွန်နေရင်တော့ ပြင်းထန်တဲ့အရေးယူမှု ပါလာမှာပါ။ ဘယ်ဟာတွေတော့ လုပ်လို့ရတယ်။ ဘယ်ဟာတွေတော့ မသင့်ဘူး။ ဘယ်ဟာက ပြည်သူကို ထိခိုက်တယ်ဆိုတာ မတ်လကျရင် ဆွေးနွေးမှာပါ။
သူ့ရဲ့ပွဲစား တရုတ်တို့ ရုရှားတို့ကလည်း ဒီနိုဝင်ဘာမှာ ဝိုင်းပြီးပြောပါတယ်။ စစ်အုပ်စုက ကျူးလွန်တာ များလွန်းတော့ သူတို့လည်းကာလို့ မရဘူး။ လာမယ့်မတ်လမှာလည်း ကာမယ်လို့ မျှော်လင့်ထားပြီးသားပါ။
စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတင်းဆွဲသွင်းလို့ ၃ လသင်တန်းဆင်းပြီး ထွက်ပြေးလာတဲ့သူတွေက တော်တော်များတယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင်တွေ့ထားပါတယ်။ ကိုယ်တိုင်လည်း စကားပြောဖူးပါတယ်။ ဘယ်လိုပါသွားတာလဲဆိုတာ မေးထားပါတယ်။ ကျွန်တော်တို့တင်ပြမှာပါ။ လျှို့ဝှက်ထားတာ မရှိဘူး။
စစ်အုပ်စုက လုပ်တာကို ပြည်တွင်းက ပြောလို့မရလို့ အပြည်ပြည်ဆိုင်ရာမှာ ပြောနေခြင်းဖြစ်ပါတယ်။ ဒါတွေကို တင်ပြမယ်။ တရုတ်၊ ရုရှားကလည်း ငြင်းမယ်။ ကျွန်တော်တို့ကလည်း ဆက်တင်ပြမယ်။ Article 33 ကအခုကျပြီဆိုတော့ ညွှန်ချုပ်က စာရေးရမယ် ဆိုတာ ဖြစ်လာပြီ။ လာမယ့် ဇွန်လမှာ အတည်ပြုမှာ ဖြစ်တယ်။
ဒီကြားထဲမှာ ကျိန်းသေတယ်။ ကုမ္မဏီ အတော်များများသည် အပြည်ပြည်ဆိုင်ရာရင်းနှီးမြှပ်နှံမှုတွေကို ပြန်ထုတ်သွားမှာ။ စစ်အုပ်စုကို ဖိအားပေး၊ အရေးယူမှုတွေ ရှိလာရင် ဆက်ပြီး ထွက်သွားမယ့်ကုမ္ပဏီတွေ ရှိလာမယ်။
မေး – အခုလတ်တလောမှာ နိုင်ငံတကာကုမ္ပဏီတွေက မြန်မာနိုင်ငံထဲက ထွက်သွားမှာကို စိုးရိမ်နေကြတာတွေလည်း ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘာပြောချင်ပါသလဲ။
ဖြေ – ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတော့ ပိတ်သွားတဲ့ကုမ္မဏီတွေလည်း ရှိမယ်။ ထမင်းငတ်သွားမယ့် ကုမ္မဏီတွေလည်း ရှိမယ်။ ကျွန်တော်တို့ကို ဆဲဆိုလို့လည်း ရပါတယ်။
ပြီးခဲ့တဲ့သက်တမ်းတုန်းက ကြည့်ပါ။ သူနေ့စဉ်သုံးတဲ့ ကုန်ကျမှုမလုပ်နိုင်တဲ့အတွက် ပြီးတော့ သူ့အပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိမယ်ဆိုတာ အားလုံးလက်ခံပေးရမှာပါ။ သေချာစာဖတ်ပါ။ ကျွန်တော်တို့မှားတယ်ဆို ပြန်ပြောပါ။ စစ်အုပ်စု မြှောက်ပေးလို့ မပြောပါနဲ့။ ကျွန်တော်ပြောချင်တာက အားလုံးလေ့လာပါ။
Article 33 သည် စက်မှုကုန်ထုတ်က လူတွေအတွက်ပဲ မဟုတ်ပါဘူး။ CDM လုပ်ခဲ့သူ လေးသိန်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုတွေ ရှိပါတယ်။ ဒါ့အပြင် CDM မဟုတ်ဘဲ မောင်းထုတ်လိုက်လို့ လယ်သမားလယ်စိုက်လို့ မရတော့ဘူး။ လယ်ထွက်ပစ္စည်းကို ရောင်းတဲ့သူသည် လုပ်ငန်းပြတ်သွားပြီ။ အဲဒါတွေက စီးပွားရေးပျက်နေတာ ကျွန်တော်တို့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ ပြောနေတုန်းပဲ ရှိသေးတယ်။ နိုင်ငံက စီးပွားရေးက ပျက်နေပါပြီ။
ဆန်စပါး၊ လောင်စာ၊ ရွှေအကုန် အရောင်းအဝယ်မရတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း ကျန်နေတာတော့ ပုံစံမကျဘူးထင်တယ်။ ဒါကိုတော့ ကျွန်တော်ပြောချင်ပါတယ်။
တော်လှန်ရေးကာလ ကျွန်တော်တို့လုပ်နေတာက စနစ်ပြောင်းဖို့ လုပ်နေတာ။ အာဏာနဲ့လက်နက်ကိုင်ပြီးတော့ အမြဲတမ်းအနိုင်ယူတာကို ကျွန်တော်တို့က မရှိအောင်လုပ်တာ။
ကျင့်စဉ်အရ အလုပ်သမားသမဂ္ဂတွေ ရှိမယ်။ အလုပ်သမားအခွင့်အရေးတွေ တောင်းလို့ရမယ်။ အခုလခတိုးတောင်းရင် စစ်တပ်က ဆူပူတယ်ဆိုပြီး သေနတ်နဲ့ပစ်မယ်။ အဲဒါတွေ မရှိအောင်လုပ်မယ်။
စစ်တပ်အာဏာသိမ်းတဲ့ အချိန်နဲ့ စစ်မှုထမ်းအမိန့်ကြောင့် ပြည်တွင်းကနေ ထွက်ပြေးလာတဲ့လူငယ် ၇ သောင်းကျော်၊ အခုဆို ၈ သောင်းကျော်သွားပါပြီ။ ထွက်လာတဲ့သူတွေထဲမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ပဲခူး စက်မှုဇုန်က စတာတွေပါတယ်။
ကျွန်တော်တို့ တိုက်နေတာသည် စနစ်ပြောင်းတော်လှန်ရေး ဖြစ်တယ်။ အရင်က CDM လုပ် အလုပ်ထွက်ခွာခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုအတွက်လည်း ပါတယ်။ အလုပ်တွေသိမ်းခံရလို့ စားသောက်ကုန်လုပ်ငန်းတွေ အရပ်ခံရတဲ့ကိစ္စတွေ ဖြစ်တဲ့ အလုပ်ရှင်တွေအတွက်လည်း ပါတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။
မေး – နောက်ဆုံးအနေနဲ့ စစ်ကောင်စီကို ILO က အရေးယူတော့မယ့်ကိစ္စရပ်နဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဖြည့်စွက်ချင်တာရှိရင် ပြောပေးပါ။
ဖြေ – ကျွန်တော်တင်ပြသလိုပါပဲ။ အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဆိုတာက အပြည်ပြည်ဆိုင်ရာကို လိုက်နာရမယ့် ကျွန်တော်တို့နိုင်ငံက လက်မှတ်ထိုးထားပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုတဲ့ ယန္တရား မရှိတော့ပါဘူး။ ရှိပါတယ်လို့ စစ်အစိုးရက လူတွေ ပြောတာရှိမှာပါ။ ကျွန်တော် ဒါကို အငြင်းမပွားပါဘူး။
ဟုတ်ပါတယ်။ ခင်ဗျားတို့ လုပ်လို့ရသလောက် လုပ်ကြပါ။ တကယ်ပဲ ပွင့်ပွင့်လင်းလင်း ဆန္ဒထုတ်ဖော်ပြီး တောင်းလို့ ရသလား။ အလုပ်သမားအရေးလုပ်တဲ့သူတွေကို တင်ပြတာပါ။ ဒါကြောင့် ဖိအားပေးဖို့ လိုပါတယ်။ နောက်ထပ်တစ်ခါ ထပ်လုပ်လို့ မရအောင် စနစ်ပြောင်းဖို့ အားလုံးပါဝင်လုပ်ဆောင်ကြပါလို့။
တခြား မလုပ်ခိုင်းပါဘူး သတင်းအမှန်ကိုပဲ ကျွန်တော်တို့ကို ပို့ပေးပါ။ အလုပ်ရှင်တွေလည်း ပါပါတယ်။ အဖြစ်အပျက်အနေအထားအမှန်ကို တင်ပြဖို့ အလုပ်ရှင်တွေကိုလည်း ကျွန်တော်မှာကြားလိုပါတယ်။
သံလွင်တိုင်းမ်