ရေဖြူ၊ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေပြီး အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုထံကနေ သိရပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပိန်းရှောင်ကျေးရွာကနေ ကျောက်ဝပ်ကုန်းကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အ တွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အချိန်နှစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်ဖြိုးကျော်သူ ကျဆုံးခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း ရေဖြူအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၆ နဲ့ ၄၀၇ ခြေမြန်တပ်ရင်းတွေကနေ တစ်နေ့လုံးနီးပါး လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ဝပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ညအိပ်ခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၅ ရက် မနက် ၇ နာရီအချိန်ခန့်မှာ ကျောက်ဝပ်ကုန်းကျေးရွာကနေ စစ်ကြောင်းပြန်ထွက်လာချိန် အသက် ၆၀ ကျော်အရွယ် ရွာခံ ဦးဉာဏ်ရွှေကို အကြောင်းမဲ့ ပစ်သတ်ပြီးနောက် ဘုန်းကြီးကျောင်း အိမ်သာဘေးမှာ စွန့်ပစ်ထားခဲ့တာပါ။

ဒေသခံတွေရဲ့ အဆိုအရ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၈ ရက်နေ့ကနေစပြီး လောင်းလုံးမြို့နယ် ထိန်တွင်းကျေးရွာကနေ ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ရေဖြူမြို့နယ်ထဲက ပိန်းရှောင်၊ ကျောက်ဝပ်ကုန်း၊ နတ်တွင်းကျေးရွာနဲ့ လောင်းလုံးမြို့နယ်ရှိ ထိန်တွင်း၊ ဖွားဘုတ်ပြင်၊ မြို့ဟောင်းအပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာထဲ ဝင်ရောက်လာချိန် အရပ်သားပြည်သူနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.