ဖနွမ်းပင် နိုဝင်ဘာ ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ တောင်းဆိုချက်ကြောင့် လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲ လုပ်ငန်းစဉ် လေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က စေလွှတ်မယ်လို့ ခမာတိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။
၁၂ ကြိမ်မြောက် အာရှနိုင်ငံရေးပါတီတွေရဲ့ နိုင်ငံတကာ ကွန်းဖရန့် အထွေထွေညီလာခံ ICAPP ပြင်ပမှာ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံချိန် ဖနွမ်းပင်မြို့ကိုရောက်ရှိနေတဲ့ USDP ပါတီ ဥက္ကဌ ဦးခင်ရီနဲ့ CPP ပါတီ ဥက္ကဌ ဟွန်ဆန်တို့ တွေ့ဆုံခဲ့ပြီးနောက် အခုသတင်း ထွက်ပေါ်လာတာပါ။
ပါတီဥက္ကဌ ဟွန်ဆန်က ပါတီနှစ်ခုကြား ဆက်ဆံရေးကို ခိုင်မာစေဖို့ CPP နဲ့ USDP ပါတီတို့ကြား သဘောတူညီမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ USDP ဥက္ကဌ ဦးခင်ရီကတော့ လွတ်လပ်၊ တရားမျှ၊ ပွင့်လင်းမြင်သာပြီး အလွန် အစီအစဉ်တကျရှိတဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ချီးကျုးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ICAPP ကွန်းဖရင့် မူဘောင်အတွင်းမှာ အတွေ့အကြုံကောင်းတွေ တော်တော်များများ ရရှိခဲ့ကြောင်းနဲ့ ကမ္ဘောဒီးယားမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို လေ့လာဖို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ပါဝင် ဆောင်ရွက်ခဲ့တဲ့အကြောင်းကိုလည်း ဦးခင်ရီက ပြန်လည် ပြောပြခဲ့တယ်လို့ ဖော်ပြပါတယ်။
Ref:khmertimeskh