နေပြည်တော် ၊ နိုဝင်ဘာ ၂၆

ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေတဲ့ စစ်ကောင်စီက အာဏာသိမ်းမှု လေးနှစ်နီးပါးပြည့်ချိန်မှာ သူတို့ စွပ်စွဲထားတဲ့ NLD အစိုးရလက်ထက်က ရွေးကောက်ပွဲ မဲသမာမှုတွေကို နိုင်ငံတကာအာ ရုံစိုက်လာအောင် ကြိုးပမ်းလာပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေအပေါ် ဘာသာစ ကား ၅ မျိုးနဲ့ ဖော်ပြထားတဲ့ စုံစမ်းတွေ့ရှိချက်တွေကို ဝက်ဆိုဒ်နဲ့ မိုဘိုင်းအက်ပ်တို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့က လွှင့်တင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေဖို့နဲ့ပြည်တွင်း၊ ပြည်ပက လေ့လာလိုသူတွေ ပိုမိုပြည့်စုံလွယ်ကူစွာ ကြည့်ရှုနိုင်ဖို့ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်ဘာသာစကားတို့ကို ထည့်သွင်းရေးဆွဲခဲ့တာလို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဆိုပါတယ်။

ဝက်ဆိုဒ်ရေးဆွဲလွှင့်တင်နိုင်ရေးအဖွဲ့ကိုတော့ စစ်ကောင်စီရုံးက ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းစဉ် ၇ ရပ် ပါဝင်တဲ့ စီမံချက်တွေကိုရေးဆွဲဖို့ အခုနှစ် ဇူလိုင်ဒုတိယပတ်ကနေ နိုဝင်ဘာ ဒုတိယပတ်အတွင်း ညှိနှိုင်းအကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲက ရွေးကောက်ပွဲကျင်းပပြီး တရားဝင်အစိုးရဖြစ်ရေး လမ်းကြောင်းအတွက် စွပ်စွဲထားတဲ့ မဲသမာမှုကိစ္စကို ပြန်ဖော်တာလို့ နိုင်ငံရေးအကဲ ခတ်တွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲရုံမှာတာဝန်ကျခဲ့တဲ့ CDM ကျောင်းဆရာမတစ်ဦးက မဲမသမာမှုကြောင့်လို့ပြောပြီး အာဏာသိမ်းတာဟာ ဖြစ်ပေါ်ခဲ့တဲ့ လူထုအုံကြွမှုနဲ့ လက်ရှိအချိန်အထိ ကန့် ကွက် ဆန္ဒပြနေတဲ့လူထုက သက်သေပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဲမသမာမှုကြောင့်လို့ပြောပြီး အာဏာသိမ်းမှုအပေါ်မှာ လူထုအုံကြွမှု လူထုရဲ့ ဆန္ဒပြမှုတွေက သက်သေပါပဲ။ အခုအချိန်ထိလည်း ဆန္ဒပြမှုတွေက လုပ်လို့ရတဲ့နေရာတွေမှာ ဆက်ပြီးတော့ အား ကောင်းနေဆဲဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မဲမသမာမှု ဟုတ်လားမဟုတ်လားဆိုတာကို သူတို့ (စကစ) ဘာသာစကားအမျိုးမျိုးနဲ့ ပြောနေတဲ့အပေါ် သုံးသပ်လို့ ရပါတယ်။ သူတို့က ဘယ်လိုပဲ မဲမသမာမှုလို့ ပြောနေပါစေ လက်ရှိအချိန်အထိ တော်လှန်နေတဲ့ သူတို့ရဲ့ အာဏာသိမ်းမှုအပေါ် ကန့်ကွက်နေတဲ့ ဆန္ဒပြနေတဲ့လူထုက သက်သေပါပဲလို့” ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ အစည်းအဝေးတွေ မိန့်ခွန်းတွေ ဝင်ဆံ့နိုင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေကြားမှာ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အမြဲတစေ ဝါဒဖြန့်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မဲခေါင်ဒေသခွဲ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘာဒီးယားနိုင်ငံက ဝန် ကြီးချုပ်တွေနဲ့ သီးခြားစီ တွေ့ဆုံချိန်မှာလည်း မဲမသမာမှုကိစ္စကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အ ညီ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အခြေအနေကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပွင့်လင်းမြင်သာစေရေး နိုင်ငံတကာကနေ လေ့လာအကဲခတ်ရေး ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်ဆိုပြီး မဲခေါင်ဒေသတွင်းနိုင်ငံတွေဆီက ထောက်ခံမှုရအောင် ကတိပေးစည်းရုံးခဲ့သေးတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပပြီး တရားဝင်အစိုးရတစ်ရပ် ပြန်ထူထောင်နိုင်ဖို့ အခြေအနေခိုင်မာအောင် အရင်ကစွဲချက်တွေကို ပြန်တင်ပြနေတာလို့ သုံးသပ်ပါတယ်။

“မဲလိမ်မဲခိုးလို့ သူအာဏာသိမ်းရတယ်။ ဒါကြောင့်မို့ သူကတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီးတော့ တရားဝင်အစိုးရတစ်ရပ်ကို ပြန်ထူထောင်မယ်ဆိုတဲ့ အယူအဆဟာ အတော်ရီစရာကောင်းတဲ့ ကိစ္စဖြစ်တယ်လို့ ကမ္ဘာကတော့ သုံးသပ်နေတာပါ။ ဒါပေမယ့် သူကသူ့အခြေအနေကို ပိုပြီးခိုင် မာအောင် အရင်တုန်းကလုပ်ခဲ့တဲ့ စွဲချက်တွေကို ပြန်တင်ပြနေတာလို့ သုံးသပ်ပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာလည်း မဲစာရင်းအချိုးအရ ပဲခူး တိုင်းမှာ မဲစာရင်းမှားယွင်းမှု အများဆုံးဖြစ်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မဲမသမာမှုတွေကို စိစစ်တွေ့ရှိခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းမှုမရှိစေရေး အဓိကဆောင်ရွက်သွားမှာဖြစ်ပြီး အီလက်ထရောနစ်မဲပေးစက်စနစ်နဲ့ ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက်ခွဲပြီး ပြုလုပ်နိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ လုံခြုံ ရေးအခြေအနေပေါ် မူတည်ပြီး ကျင်းပနိုင်တဲ့ နယ်မြေတွေကို အရင်ကျင်းပမယ့် အခြေအနေမျိုးပါ။

တစ်ဘက်မှာ နိုင်ငံအနှံ့ ထိုးစစ်တွေနဲ့အတူ မြို့ပေါင်း ၈၀ ကျော်ကို လက်လွှတ်ထားရတာကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့ သန်းခေါင်စာရင်းကို ၆၃ ရာခိုင်နှုန်းကျော်သာ ကောက်ယူနိုင်ခဲ့တာမို့ အခုနှစ်ကုန်ပိုင်းမှာ အပြီးသတ်ကောက်ယူနိုင်မယ်လို့ စစ်ကောင်စီက ခန့်မှန်းထားတာပါ။

ဒီအပေါ် တရုတ်အစိုးရက ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လိုအပ်တဲ့ အ ကူအညီတွေပေးသွားမယ်လို့ တရုတ်ဝန်ကြီးချုပ်က နိုဝင်ဘာပထမပတ်အတွင်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က လာမယ့်နှစ် နှောင်းပိုင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ မှတ်ပုံတင်ခွင့်ရတဲ့ နိုင်ငံရေးပါတီတွေကို ထုတ်ပြောခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာထောက်ခံမှုရ အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.