မနီလာ နိုဝင်ဘာ ၂၅

ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးက သူသတ်ဖြတ်ခံရလို့ရှိရင် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို လုပ်ကြံသတ်ဖြတ်မယ်လို့ ပြောကြားလိုက်ပြီးနောက် နိုင်ငံမှာ လုံခြုံရေးအေဂျင်စီတွေဟာ ဘေးအန္တရာယ် ကင်းရှင်းရေး အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်ခဲ့ရပါတယ်။

ဖိလစ်ပိုင်မှာ နိုင်ငံရေးအရ အင်အား အကောင်းဆုံး မိသားစုနှစ်စုကြား ပဋိပက္ခဖြစ်မှု ပိုမိုကျယ်ပြန့်လာတဲ့ လက္ခဏာအနေနဲ့ ဒုသမ္မတ ဆာရာ ဒူတာတေးက သူသတ်ဖြတ်ခံရရင် မားကို့စ်၊ သူ့ဇနီးနဲ့ ဖိလစ်ပိုင် အောက်လွှတ်တော် ဥက္ကဋ္ဌတို့ကို လုပ်ကြံသတ်ဖြတ်ဖို့ လူသတ်သမားနဲ့ ဆွေးနွေးပြီး ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

သူ့ရဲ့ အရာရှိချုပ်နဲ့ အောက်လွှတ်တော်သို့ ညအချိန် သွားရောက်ချိန်မှာ အွန်လိုင်း သတင်းကြေညာသူ တစ်ဦးက ဒုသမ္မတ ဆာရာ ဒူတာတေးဟာ ရန်သူ့နယ်မြေထဲ ရောက်ရှိပြီး အန္တရာယ်ကင်းအောင် နေဖို့ တိုက်တွန်း ပြောကြားခဲ့ပြီးနောက် သူက အခုလိုမျိုး ပြောကြားခဲ့တာပါ။

သမ္မတနဲ့ သမ္မတရဲ့ မိသားစု အပေါ် ခြိမ်းခြောက်မှု မှန်သမျှကို စူးစမ်း ဖော်ထုတ် ကာကွယ် တားဆီးဖို့ လုံခြုံရေး အစီအစဉ်တွေ တိုးမြှင့် ဆောင်ရွက်ထားတယ်လို့ ဖိလစ်ပိုင် လုံခြုံရေး ဌာနချုပ်က ပြောကြားထားပါတယ်။

ဖိလစ်ပိုင်သမ္မတ ပြန်ကြားရေးရုံးကတော့ သမ္မတ အပေါ် ခြိမ်းခြောက်မှု မှန်သမျှကို အမြဲ အလေးအနက် ထားတယ်လို့ ထုတ်ပြန်ချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတရုံးရဲ့ ထုတ်ပြန်ချက် အပေါ် မှတ်ချက်ပြုပေးဖို့ တောင်းဆိုမှုကို ဆာရာ ဒူတာတေးရဲ့ ရုံးက မတုံ့ပြန်သေးပါဘူး။

သမ္မတ မားကို့စ် မတိုင်ခင် သမ္မတဟောင်း ဒူတာတေးရဲ့ သမီး ဆာရာ ဒူတာတေးဟာ ဇွန်လက မားကို့စ်ရဲ့ ဝန်ကြီးများအဖွဲ့က နုတ်ထွက်ပြီး ဒုတိယသမ္မတ ရာထူးကို ဆက်လက် ရယူထားတာကြောင့် နိုင်ငံရေး အင်အားကြီ အုပ်စု နှစ်ခုကြား မဟာမိတ်ဖွဲ့မှုမှာ အက်ကြောင်း အကြီးကြီး ထပ်လာတဲ့ လက္ခဏာ တွေ့မြင်နေရပါတယ်။

မားကို့စ်ရဲ့ တူဖြစ်သူ အောက်လွှတ်တော် ဥက္ကဋ္ဌ ရိုမူရယ်ဒက်စ်က ဆာရာ ဒူတာတေးရဲ့ရုံး အတွက် ဘတ်ဂျက်ကို သုံးပုံနှစ်ပုံ အထိ လျှော့ချခဲ့ပါတယ်။

သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှု၊နိုင်ငံခြားရေးမူဝါဒတို့နဲ့ ပတ်သက်လို့ မိသားစု နှစ်စုကြား ပဋိပက္ခ ဖြစ်နေတာ ကြာပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ဒုသမ္မတ ရာထူးကို သမ္မတက သီးခြား ခန့်အပ်တာ ဖြစ်ပြီး တရားဝင် တာဝန် တစ်ခုမှ မရှိပါဘူး။

ဖိလစ်ပိုင်မှာ အရင်ကလည်း နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိသမ္မတ မားကို့ရဲ့ ဖခင် အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ် တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.