ဖာပွန်၊ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ် ဖာပွန်ခရိုင် မထောတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရတာကြောင့် အထိ နာနေပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့က ဖာပွန်မြို့တောင်ဘက် ဖာပွန်-ကတိုင်တိ-ကမမောင်းကာလးမ်ပေါ်မှာတည် ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မထောတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အဲဒီစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဟာ တောင်သုံးလုံးစခန်းဘက်ကို ဦးတည်ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ပါတယ်။
လိုက်လံချေမှုန်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၃ ရက်နေ့က မထောကျေးရွာနဲ့ ခွေးသေကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သလို လက်နက် ကြီးလက်နက်ငယ်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ဖာပွန်မြို့အနီးရှိ ကူးဆိပ်စခန်းနဲ့ မထောတပ်စခန်းတို့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့ဗျူဟာစခန်းကနေ ကတိုင်တိဒေသထဲကို စစ်ကူပေးပို့လာခဲ့ရာ ကတိုင်တိမရောက်ခင်မှာ KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ကမမောင်းကနေ စစ်ကူရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA တပ်မဟာ ၅ မဟာ မိတ်ပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့် စခန်းတွေဖြစ်ကြတဲ့ ခေါပုတ်၊ ကူးဆိပ်၊ မထော တပ်စခန်း ၃ ခုကို ၁ နီးပါးကာလအတွင်း KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအ ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖာပွန်အခြေချစစ်ဗျူဟာကိုလည်း ဆက် လက်ဝိုင်းရံပိတ်ဆို့ထားတယ်လို့ KNU တပ်မဟာ ၅ က အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media