ထားဝယ်၊ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန် ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ထားဝယ်ခရိုင်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်လာတာပါ။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူး ပေါင်းပြီး ပြီးခဲ့တဲ့အောက်တိုဘာ၂၈ ရက်နေ့မှာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်တာပါ။

အရင်က တနင်္သာရီတိုင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးလှုပ်ရှားရာ နေ ရာဒေသတွေ မှာ ပူးပေါင်းစစ်ကြောင်းတွေအနေနဲ့သာ ဖွဲ့စည်းထားတာရှိပြီး အခုလို တပ်ပေါင်းစု ဖွဲ့စည်းတာဟာ တိုင်းအတွင်း ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင် တပ်ပေါင်းစုတပ်ဖွဲ့ တာဝန်ခံ ရဲဘော် C1 က ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုပေါင်းပြီးတော့ တစ်သွေးတစ်သံတစ်မိန့်အောက်မှာ တော်လှန်ရေးကို ရှေ့ဆက်နိုင်အောင် ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုပေါင်းပြီးတော့ တစ်သွေးတစ်သံတစ်မိန့်အောက်မှာ တော်လှန်ရေးကို ရှေ့ဆက်ပြီးတော့ ရုန်းနိုင်အောင်၊ ရှေ့ဆက်ပြီးတော့ သွားနိုင်အောင် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ တော်လှန်ရေးသွားတဲ့အချိန်မှာ သူတစ်လူငါတစ်မင်းသွားနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးက ဘယ်လိုမှ အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တစ်သွေးတစ်သံတစ်မိန့်နဲ့ COC (Chain Of Command) အမိန့်အောက်သွားချင်တဲ့အတွက် ဒီထားဝယ်ခရိုင်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းလိုက်တာဖြစ်တယ်” လို့ဆိုပါတယ်။

အခုလို တပ်ပေါင်းစု ဖွဲ့စည်းခြင်းအားဖြင့် တော်လှန်ရေးအင်အားစုတွေ ပိုပြီးတောင့်တင်းလာသလို စုပေါင်းအားတစ်ခုလည်း ရရှိလာမှာဖြစ်ပြီး စစ်ကောင်စီအတွက် ကြောက်ခမန်းလိလိ ဖြစ်အောင် ကြိုးစားသွားမယ်လို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ပြန့်ကြဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုပေါင်းပြီးဖြစ်တဲ့အတွက် တပ်ပေါင်းစုအဖွဲ့ကြီးကို အားသွန်ခွန်စိုက် အိတ်သွန်ဖာမှောက် ထောက်ပံ့ပေးကြဖို့ တိုက်တွန်းတာပါတယ်။

တနင်္သာရီတိုင်းမှာ စစ်တပ်အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရေးနေတဲ့ တပ်ဖွဲ့ပေါင်း ၁၀၀ ထက်မနည်းရှိနေပြီး အဲဒီထဲမှာ NUG လက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်နေတဲ့ အဖွဲ့တွေလည်း ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.