မော်လမြိုင်၊ နိုဝင်ဘာ ၂၅
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းအပါအဝင် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တောင်ပိုင်းစစ်ဒေသထဲက ပဲခူးတိုင်း လိပ်ပေါကျေးရွာမှာ စစ်ကောင်စီတပ် ထောင်းထားတဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် အရပ်သားပြည်သူတစ်ဦး အသက်ဆုံးရှုံးမှုအပါအဝင် တစ်ပတ်အတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့တာပါ။
ဒါ့အပြင် အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ဦးရှိပြီး အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၅၁ ဦး ရှိတယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
တစ်ဖက်မှာလည်း ဖမ်းဆီးခံရသူအချို့မှ ပါလာတဲ့ ပစ္စည်းတွေကို မတရား သိမ်းဆည်းပြီး ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုမှာ ပြန်မလွှတ်သေးဘဲ အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ရည်ရွယ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေမှာ အထိနာလာတာနဲ့အမျှ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့စဉ်ပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုပါ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်မှု အကြိမ်ရေ လေးဆယ်ကျော် ကျူးလွန်ခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း တောင်ပိုင်းစစ်ဒေသအတွင်းမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် အရပ်သား တစ်ဦး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖွဲ့စည်းထားတဲ့ တောင်ပိုင်းစစ်ဒေသမှာတော့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG တောင်ပိုင်းစစ်ဒေသ