တနင်္သာရီ၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာသွားတာကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် မနက် ၆ နာရီအချိန်ခန့်မှာ အင်အား ၈၀ ဝန်းကျင်နဲ့ ဇဝဲအခြေစိုက်တပ်ရင်းမှ ဘန်းလမွတ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အား ဇဝဲကျေးရွာနဲ့ ရမ်းဖိုကျေးရွာကြားရှိ ပြင်ဝန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်း ၁၀ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို VIGO ကားသုံးစီးနဲ့ လာရောက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ပြင်ဝန်းကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ် ၆ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို အသက် ၄၀ ကျော်အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြင်ဝန်းရွာက အမျိုးသားနှစ်ဦးဟာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို စစ်ကောင်စီတပ်ကလည်း အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းဆက်ထိုးမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.