မူဆယ် ၊ နိုဝင်ဘာ ၂၃
နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေ ထိန်းချုပ်နယ်မြေထဲက နယ်စပ်ဂိတ်တွေကို ဆက်လက်ပိတ်သိမ်းထားမယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ အရာရှိတွေက ကတိပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ နယ်စပ်ဂိတ်တွေမှာ လုံခြုံရေးအရ နှစ်နိုင်ငံနယ်စပ်ပြည်သူတွေ ဖြတ်သန်းသွားလာမှုနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်နဲ့အဖွဲ့က သွားရောက်ညှိနှိုင်းဆွေးနွေးခဲ့တာပါ။
ကိုးကန့်အပါအဝင် EAO တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ဝင်ထွက်ခွင့် ရပ်ဆိုင်းထားပြီး အစိုးရအချင်းချင်း အပြန်အလှန်ညှိနှိုင်းပြီးမှသာ လိုအပ်သလို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး ကျန်းပင်းက ပြောပါတယ် ။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကချင်နဲ့ ရှမ်းမြောက်ဘက်မှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားတာဟာ လူသားချင်းစာနာမှုအရ ပြည်သူတွေကို မလေးမစားလုပ်လိုက်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တရုတ်အစိုးရက ၂၀၂၄ နိုဝင်ဘာလကစပြီး ကချင်ပြည်နယ် နယ်စပ်နဲ့ ရှမ်းမြောက်နယ်စပ်ဘက်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်လိုက်ခြင်းက ကျွန်တော်တို့ ပြည်သူလူထုတွေကို လူသားချင်းစာနာမှုအနှောင့်အယှက်တွေလိုမျိုး ပေးထားခြင်းဖြစ်ပါတယ်။ ဒီထက်မကပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုတွေ အခုအခြေအနေမှာ စစ်ကောင်စီရဲ့ နေ့စဉ်နေ့တိုင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေမှာ တရုတ်က ကုန် သွယ်ရေးလမ်းကြောင်းတွေ ပိတ်လိုက်ခြင်းကတော့ နိုင်ငံတကာလူသားချင်းစာနာမှုအရ ပြည်သူ လူထုတွေကို မလေးမစားလုပ်လိုက်ခြင်း ဖြစ်ပါတယ်ဗျ”လို့ ဆိုပါတယ်။
နယ်စပ်ဂိတ်တွေကို ပိတ်ဆို့လိုက်တာကြောင့် အခြေခံစားသောက်ကုန်တွေ ပိုပြီးဈေးမြင့်လာမယ့် အခြေအနေရှိလာတဲ့အတွက် ပြည်သူလူထုကြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ သူကဆက်ပြောပါတယ်။
တရုတ်လူဝင်မှုကြီးကြပ်ရေးနဲ့နယ်စပ်ဒေသထိန်းသိမ်းရေးဌာန၊ ဒုညွှန်ချုပ်ကတော့ နယ်စပ်ဒေသတည်ငြိမ်ရင် ပိတ်ထားတဲ့ဂိတ်တွေ နှစ်နိုင်ငံပြည်သူတွေအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင် ရွက်ပေးမယ်လို့ ပြောကြားကြောင်း စစ်ကောင်စီက ဆိုပါတယ်။
နှစ်နိုင်ငံအကြား နယ်စစ်ဒေသတည်ငြိမ်ရေးကို အတူတကွပူးပေါင်းပြီး အရှိန်မြှင့်တင်သွားဖို့ စစ်ခေါင်းဆောင်က တရုတ်ခရီးစဉ်အတွင်း ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားထားတာပါ။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီးနောက်ပိုင်း တရုတ်အစိုးရဟာ MNDAA အပါအဝင် စစ်တပ်ကို တော်လှန်နေတဲ့ တအာင်းတပ် TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကို တိုက်ပွဲရပ်တန့်ဖို့ ဖိအားပေးခဲ့တာပါ။
အဲဒီနောက်ပိုင်း မြောက်ပိုင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်၊ လွယ်ဂျယ်စတဲ့ နှစ်နိုင်ငံနယ် စပ်ဂိတ်တွေအားလုံးကို တရုတ်အစိုးရဘက်က ကုန်သွယ်ခွင့်နဲ့ ဝင်ထွက်သွားလာခွင့်တွေကို ပိတ်သိမ်းခဲ့ပါတယ်။
တစ်ဘက်မှာ ဒီလိုမျိုး ဖိအားတွေရှိနေပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ကချင် ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုင်တည်မြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ တရားဝင်ဖွင့်လှစ်ထားတဲ့နယ်စပ်ဂိတ်တွေကနေ လုံခြုံရေးကို အထူးအလေး ထားပြီး နိုင်ငံတွင်းနဲ့ပြင်ပကို တားမြစ်ထားတဲ့သူတွေ ဝင်ထွက်ခွင့်မရှိစေရေး စနစ်တကျစိစစ်ဖို့ ညွန်ကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ