မော်လမြိုင်၊ နိုဝင်ဘာ ၂၃
အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်းရှိ အ ကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး၊ နိုင်ငံရေးအကျဉ်းသူ ရှစ်ဦး၊ စုစုပေါင်း ၁၀၈ ဦး သေဆုံးခဲ့တာပါ။
သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ကျန်မာရေးစောင့်ရှောက်မှုမရတာ၊ ဆေးဝါးကန့်သတ်ချက်တွေကြောင့် အများဆုံးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နေ ဦးစိန်လင်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပ ဒေပုဒ်မ ၅၂ (က)၊ ၅၁ (ဂ) နဲ့ ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန် လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် အသည်းရောဂါနဲ့ သွေးအန်တဲ့အထိ ရောဂါခံစားခဲ့ရပြီး အိုးဘိုအကျဉ်းထောင်မှ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ပေမယ့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေဟာ ဒုတိယကမ္ဘာစစ်က ဂျူးလူမျိုးတွေကို ဖမ်းဆီးနှိပ်စက်တဲ့ နာဇီအကျဉ်းစခန်းတွေလိုပဲ မြန်မာပြည်ရှိ အကျဉ်းစခန်းတွေဟာလည်း ဖိနှိပ်မှု ယန္တရားအနေနဲ့ ပြောင်းလဲသွားတယ်လို့ PPNM က ဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ အချက်အလက်တွေအရ အ ကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါ ရီလကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media