ဘန်ကောက်၊ နိုဝင်ဘာ ၂၃

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ ဖူထိုင်းပါတီတို့အပေါ် တရားစွဲဆိုထားမှုကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက အထောက်အထား မလုံလောက်ဘူးလို့ ဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။

ထိုင်း ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ ဖူထိုင်းပါတီတို့ဟာ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို အားလျော့အောင် လုပ်ဆောင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ အရ အရေးယူပေးရေး သီရာယတ် ဆူဝမ်ကီဆွန်ဆိုသူက တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အစိုးရမူဝါဒတွေမှာ ကြားဝင်စွက်ဖက်နေပြီး အကျဉ်းထောင် နေရာထိုင်ခင်းဆိုင်ရာ ကြားဝင် စွက်ဖက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်အပြင် စွပ်စွဲချက် များစွာ ပါဝင်နေတဲ့ တရားစွဲဆိုမှုကို တရားရုံးက နိုဝင်ဘာ ၂၂ ရက်မှာ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

သက်ဆင်နဲ့ ဖူထိုင်းပါတီတို့ဟာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ မူဘောင်ကို အန္တရာယ် ကျရောက်စေနိုင်တဲ့ အမှားအယွင်း တစ်စုံတစ်ရာ လုပ်ဆောင်ထားတာ မရှိဘူးလို့ အစိုးရရှေ့နေချုပ်ရုံးက စောစောပိုင်းက ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

သက်ဆင်ဟာ ရေပြင်ဆိုင်ရာ အငြင်းပွားမှုအတွင်း ကမ္ဘောဒီးယားကို အသာရစေတဲ့ မူဝါဒတွေအပေါ် သြဇာ လွှမ်းမိုးထားတယ်လို့လည်း တရားရုံးသို့ လျှောက်လဲချက်မှာ ဖော်ပြထားပါတယ်။

သက်ဆင်နဲ့ ဖူထိုင်းပါတီကို တရားစွဲဆိုနိုင်ဖို့ လုံလောက်တဲ့ အထောက်အထား မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

ပြစ်ဒဏ် ရှောင်ရှားဖို့ ပြည်ပသို့ နှစ်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်နေခဲ့တဲ့ သက်ဆင်ဟာ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်တွေ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ထိုင်းသို့ ပြန်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် သူ့အပေါ် ချမှတ်တဲ့ ထောင်ဒဏ်ကို ဘုရင်က လျှော့ချပေးခဲ့ပြီး သူဟာ လက်ကျန် ထောင်ဒဏ်ကို ကျန်းမာရေး အကြောင်းပြချက်နဲ့ ဆေးရုံမှာပဲ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဆရီသာ ထုတ်ပယ်ခံရပြီး သမီးဖြစ်သူ ပေသွန်ထန် ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် သက်ဆင်ဟာ ထိုင်းအစိုးရအပေါ် သြဇာ လွှမ်းမိုး ချယ်လှယ်နေတယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။

Ref:The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.