လောင်းလုံး၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားတဲ့ အရပ်သားပြည်သူနှစ်ဦးရဲ့ ရုပ်အလောင်းပြန်လည် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ထားဝယ်မြို့ပေါ်မှာ လမ်းကင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားတဲ့အတွက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ထဲ စစ် ကြောင်းထိုးဝင်ရောက်လာတာပါ။

အင်အား ၁၅၀ ကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ မြို့ဟောင်းကျေးရွာထဲ ဝင်ရောက်လာစဉ် လမ်းမှာတွေ့တဲ့ ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ မြို့ဟောင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးကြည်ဝင်းနဲ့ အသက် ၃၀ ကျော်အရွယ် ကိုနောင်နောင်တို့ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဒေသခံတွေက ပြန်လည်တွေ့ရှိ ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ကျေးရွာအတွင်းရှိ လမ်းပိုင်းတစ်နေရာမှာ မြေမြှုပ်သွားခဲ့တာပါ။

လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်သွားသလို ဒေသခံပြည်သူတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် လောင်းလုံးမြို့နယ်ရှိ ထိန်တွင်း၊ မြို့ဟောင်း၊ ပိန်းရှောင်၊ ဒေါင်းရှောင်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.