ကိဗ်၊ နိုဝင်ဘာ ၂၃
ရုရှားက ယူကရိန်းရဲ့ အချက်အချာကျတဲ့ မြို့ တစ်မြို့ကို အသံထက်ပိုမြန်တဲ့ စမ်းသပ်ဆဲ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့နဲ့ယူကရိန်းတို့ဟာ လာမယ့် နိုဝင်ဘာ ၂၆ ရက်မှာ အရေးပေါ် အစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ လက်နက်အသစ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ၃၃ လနီးပါးကြာ စစ်ပွဲအရှိန်ပိုမြင့်လာပြီး အရမ်းအရေးကြီးတဲ့ အဆင့်ကို ရောက်ရှိလာပြီလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်က ပြောကြားပါတယ်။
ဒီနီပရိုမြို့ရှိ စစ်ဖက်ဆိုင်ရာ အဆောက်အဦကို ရုရှားက တိုက်ခိုက်ပြီးနောက် ယူကရိန်းမှာ လုံခြုံရေး အထူးတင်းကြပ်ထားပြီး လွှတ်တော် အစည်းအဝေးကို ဖျက်သိမ်းခဲ့ပါတယ်။
ယူကရိန်းက အမေရိကန်နဲ့ ဗြိတိန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ မိမိတို့ ပိုင်နက်ထဲ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် Oreshnik လို့ခေါ်တဲ့ တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည်နဲ့ လက်စားချေ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြာခဲ့ပါတယ်။
အနောက်တိုင်းရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေဟာ ရုရှား ဒုံးကျည် အသစ်တွေကို တားဆီးနိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ သမ္မတ ပူတင်က ပြောပါတယ်။
ဒီနီပရိုမြို့ကို ရုရှားက နျူကလီးယား မဟုတ်တဲ့ ဒုံးကျည်ထိပ်ဖူး ခြောက်ခုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောဆိုထားပါတယ်။
ရုရှားက သူတို့ထုတ်လုပ်ထားတဲ့ အသံထက် ပိုမြန်တဲ့ ဒုံးကျည်တွေကို ကမ္ဘာပေါ်မှာ တားဆီးနိုင်တဲ့ ကာကွယ်ရေးစနစ် မရှိသေးဘူးလို့ ကြွားဝါ ပြောဆိုထားပေမယ့် မကြာခင်မှာ တခြားနိုင်ငံတွေလည်း အလားတူ လက်နက်တွေ ပိုင်ဆိုင်လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို စမ်းသပ်ဆဲ ဒုံးကျည်တွေနဲ့ ယူကရိန်းကို ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောကြားထားပြီး ရုရှား အတွက် လုံခြုံရေးအခြေအနေအပေါ် မူတည်ပြီး အလားတူ လက်နက်အသစ်တွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသံထက် ပိုမြန်တဲ့ အဲဒီဒုံးကျည်နဲ့ဥရောပတဝန်းရှိ ပစ်မှတ်အားလုံးကို ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။
Ref:AP