ဖာပွန်၊ နိုဝင်ဘာ ၂၃
ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖာပွန်မြို့နဲ့ ၉ မိုင်လောက်ဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်တဲ့ ကူးဆိပ်စခန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့နိုဝင်ဘာ ၉ ရက်နေ့မှာအပြီးသတ် သိမ်းပိုက်နိုင်ပြီးတဲ့နောက် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကူးဆိပ်အနီးရှိ မထောစခန်းကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
၁၀ ရက်ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက် မထောစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်း စွန့်ခွာသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လိုက်လံချေမှုန်းနေတယ်လို့ ဗိုလ်မှူး ကြီးစောကလယ်ဒိုက ဆိုပါတယ်။
ဗိုလ်မှူးကြီးစောကလယ်ဒိုရဲ့ ပြောပြချက်အရ မထောစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါး ရှိနိုင်ပြီး သူတို့အားလုံး ဖာပွန်ဗျူဟာ ဒါမှမဟုတ် နောက်တပ်စခန်းတစ်ခုထံ သွားပေါင်းနိုင်တယ်လို့ သိရပါတယ်။
လအတန်အကြာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေတဲ့ ဖာပွန်စစ်ဗျူဟာကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဆက်လက်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ကလည်း ဗျူဟာစခန်းမကျရေးအ တွက် လေကြောင်းနဲ့ နေ့စဉ်လိုလို လာရောက်ပစ်ခတ်နေတာပါ။
KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ဖာပွန်ဗျူဟာကို ဝိုင်းရံပိတ်ဆို့နေတဲ့အချိန်မှာပဲ ဖာပွန်ပတ်ဝန်းကျင်မှာ အခြေချတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီရဲ့ သက်တမ်းရင့် ခေါပုတ်၊ ကူးဆိပ်စခန်းတို့ကို ၁၂ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာတော့ အခုလ ၁၅ ရက်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးတစ်ဦး ၊ ဒုတပ်ရင်းမှူးတစ်ဦးအပါအ ဝင် စုစုပေါင်း ၇၇ ဦးသေဆုံးပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU