ဖာပွန်၊ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မာထောတပ်စခန်းကို အပြီး သတ်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
မာထောတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ အပါအ ဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာအပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
မာထောတပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း စာရင်းတွေကို ဆက်လက်တင်ပြပေးသွားမယ်လို့ KNU က အသိပေးထားပါတယ်။
တော်လှန်ရေးအင်အားတွေရဲ့ ပြောပြချက်အရ မာထောတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဖာပွန်မြို့နဲ့ ၉ မိုင်လောက်ဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်တဲ့ ကူးဆိပ်စခန်းကို သိမ်းပိုက်ထားတာပါ။
မာထောနဲ့ကူးဆိပ်တပ်စခန်း သိမ်းပိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU