မော်လမြိုင် ၊ နိုဝင်ဘာ ၂၃
အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်ကောင်စီဘက်က ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာ အကောင်အထည် ဖော်ဆောင်ရွက်နေပေမယ့် အ လုပ်မဖြစ်ဘူးလို့ လုပ်ငန်းရှင်တွေနဲ့ အိမ်ရှင်မတွေက ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီဟာ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း နိုင်ငံအတွင်း ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေပါ ပါဝင်တဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည် ငြိမ်ရေးကော်မတီ အစည်းအဝေး ထပ်မံပြုလုပ်ခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ စစ်ကောင်စီခန့် စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးဖြစ်သလို ပြည် ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဝင်းရှိန်က ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိတဲ့ ဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက် ရောက်မှု ကြီးမားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကို တိုင်းနဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ဆန်၊ စားသုံးဆီ၊ အသား၊ ငါးနဲ့ ဥ အ မျိုးမျိုးအပါအဝင် အခြေခံစားသောက်ကုန်တွေအား မြေပြင်အခြေအနေအပေါ် မူတည်ပြီး ထိန်း ကျောင်းဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
လုပ်ငန်းရှင်တစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာဟာ စက်သုံးဆီဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်နေတာ၊ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီသယ်ဆောင်စရိတ်တွေ ခရီးစရိတ်တွေ မြင့်တက်လာတာတွေ နောက်ပြီးတော့ လမ်းမှာလည်း အဲလိုမျိုးပေါ့ သူကလမ်းကြေးတွေ များတဲ့အတွက်လည်း အားလုံးကိုစုပေါင်းပြီးတော့မှ စားသုံးသူက ကျခံပေးလိုက်ရတဲ့ သဘောမျိုးဖြစ်နေတယ်။ အဲဒီအပေါ်ကို သူကဒီစားသုံးကုန်စည်အပေါ်မှာ ကုန် ကျစရိတ်အားလုံးကို ထည့်ပေါင်းပြီးတော့မှ သူတို့ရောင်းတဲ့အတွက်လည်း ဒီကုန်ဈေးနှုန်း မြင့်လာတာ ဖြစ်တယ်”လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ အာဏာသိမ်းမှုကြောင့် မြန်မာငွေတန်ဖိုး ကျ ဆင်းနေတာ၊ ပြည်ပသွင်းကုန်တွေ ပိတ်ဆို့ကန်သတ်ခံရတာ၊ စိုက်ပျိုးနဲ့မွေးမြူရေး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်မှုကြောင့် ပါဝင်ပါတယ်။
နိုင်ငံအတွင်းမှာတော့ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း အခြေခံ စားသောက်ကုန်တွေအ ပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေဟာ အနည်းဆုံး ၅ ဆကနေ ၁၀ ဆ ဝန်းကျင်အထိ ကုန်ပစ္စည်း အမျိုးအစားပေါ် မူတည်ကာ မြင့်တက်နေတာပါ။
အိမ်ရှင်မတစ်ဦးကတော့ စစ်ကောင်စီက ကုန်ဈေးနှုန်း ကျဆင်းအောင် လုပ်နေတယ်လို့ ပြောပေမယ့် လက်တွေ့မှာ အခြေအနေပိုဆိုးလာပြီး မိသားစုစားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒေါ်လာဈေးတွေ ဘယ်လောက်ပဲကျကျ ဘယ်လိုပဲ သူတို့ကုန်ဈေးနှုန်းကျအောင်လုပ်လုပ် ပိုပြီး အခြေအနေ ဆိုးလာတာပဲ ရှိတယ်ရှင့်။ အရင်ကဆို ကန်စွန်းရွက်တစ်စီးကို ၁၀၀၀ ။ အခုက ၁၅၀၀ ဖြစ်နေပြီ။ အာဏာမသိမ်းခင်ကတော့ မိသားစုထောင့်စေ့ လုပ်ရပေမယ့်လည်း ဒါပေမယ့် သူ့ဟာနဲ့သူ လူတန်းစေ့နေနိုင်တယ်။ စားနိုင်တယ်။ ဒီလိုမျိုး မကျပ်တည်းဘူးပေါ့နော်။ အခုလေးနှစ်အတွင်းမှာမှ ပိုပြီးတော့ ကျပ်တည်းလာတယ်။ ငပိရည်တို့စရာတောင်မှပဲ နပ်မမှန်ချင်အောင်ဖြစ်နေပြီ”လို့ ဆိုပါတယ်။
နိုင်ငံအတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုအပေါ် စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက နည်းလမ်း အမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ကုန်ဈေးနှုန်းကျဆင်းအောင် မလုပ်နိုင်သေးပါဘူး။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ အာဏာသိမ်းမှုကြောင့် ရပ်တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုပိုဆိုးရွားလာကာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်နေဖွယ်ရှိတဲ့အတွက် ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင်ငံအနှံ့အပြား ဆိုးရွားနေမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အစမှာ နိုင်ငံ့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိလာတဲ့အတွက် ၂၀၁၅ ခုနှစ်က မြင်တွေ့ ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ကျရောက်သွားခဲ့ပြီလို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ/MOI