ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၂

ဘေဂျင်းအစိုးရရဲ့ စစ်လက်နက် တီထွင် ထုတ်လုပ်မှုတွေကို လေ့လာသူတွေနဲ့ ပြိုင်ဖက် အင်အားကြီးနိုင်ငံတွေက စောင့်ကြည့်နေချိန် ရှားရှားပါးပါး လေ့လာခွင့်အဖြစ် လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် လေကြောင်း ပြပွဲကြီးမှာ တရုတ်က ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို မိတ်ဆက် ပြသသွားမှာ ဖြစ်ပါတယ်။

တောင်ပိုင်းမြို့ ကျူးဟိုင်မှာ နှစ်နှစ် တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ Airshow China လေကြောင်း ပြပွဲမှာ တရုတ်က သူတို့နဲ့ ရုရှားတို့ကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြောင်းကိုလည်း ဖော်ထုတ် ပြသသွားမယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ်လို ဒေသတွင်းက တခြားနိုင်ငံတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ တရုတ်က သူတို့ရဲ့ လေတပ် စွမ်းရည် တိုးမြှင့်ရေး အရင်းအမြစ်တွေ အများအပြား အသုံးပြုထားပါတယ်။

ဘေဂျင်းက သူတို့အပိုင် ဒေသလို့ ပြောထားတဲ့ ထိုင်ဝမ်အနီးသို့ တိုက်လေယာဉ်တွေ စံချိန်တင် စေလွှတ်ခဲ့ပြီး ထိုင်ဝမ်ကို သူတို့ အုပ်ချုပ်မှုအောက် ပြန်လည်ထားရှိရေး လိုအပ်ရင် အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်ထုတ် အက်ဖ်-၃၅ လေယာဉ်နဲ့ ဆင်တူတဲ့ အလတ်စား ကိုယ်ပျောက် ဘက်စုံသုံး တိုက်လေယာဉ် အသစ် တစ်မျိုးကို တရုတ်က တီထွင်ထားတယ်လို့ လေ့လာသူတွေက ပြောကြားထား ပေမယ့် အသေးစိတ် အချက်အလက် အနည်းငယ်သာ ထွက်ပေါ်လာပါသေးတယ်။

အဲဒီလေယာဉ်ရဲ့ စွမ်းရည်တွေကို ဘေဂျင်းက လေကြောင်း ပြပွဲမှာပြသဦးမှာ မဟုတ်ပေမယ့် အခုလို မိတ်ဆက်ဖို့ ပြင်ဆင်ထားတာကြောင့် မကြာခင် အပြီးသတ် စမ်းသပ် ပျံသန်းမှု ပြုလုပ်မယ်လို့ မျှော်လင့်ရကြောင်း စင်ကာပူ နန့်ယန်း နည်းပညာ တက္ကသိုလ်က တရုတ် စစ်ရေး ကျွမ်းကျင်သူ ဂျိမ်းစ် ချားက ပြောထားပါတယ်။

တကယ်လို့ အဲဒီ တိုက်လေယာဉ်တွေကို အသုံးပြုလာပြီဆိုရင် တရုတ်ဟာ အမေရိကန် ပြီးရင် ကမ္ဘာမှာ ကိုယ်ပျောက် တိုက်လေယာဉ် နှစ်စီး အသုံးပြုတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ တရုတ် စစ်တပ်က ရေတပ် တိုက်လေယာဉ် တစ်မျိုးကိုလည်း မိတ်ဆက် ပြသသွားမှာ ဖြစ်ကြောင်း နိုင်ငံပိုင် CCTV သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်စစ်တပ်ကနေ နောက်ထပ် မိတ်ဆက်သွားမှာကတော့ HQ-19 လို့ နာမည် ပေးထားတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်ပဲ ဖြစ်ပါတယ်။

ဒီစနစ်က ပဲ့ထိန်း ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်ရေး ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

SS-UAV လို့ နာမည် ပေးထားတဲ့ ဒရုန်းကြီး တမျိုးကိုလည်း တရုတ် စစ်တပ်က မိတ်ဆက်သွားမှာ ဖြစ်ပြီး ပင်မ ဒရုန်းကြီးကနေ ဒရုန်း အငယ်စားတွေ အများကြီး စေလွှတ်နိုင်တယ်လို့ သိရပါတယ်။

ဒီဒရုန်းတွေထဲမှာ အသေခံ တိုက်ခိုက်ရေး ဒရုန်းတွေ၊ ကင်းထောက် ဒရုန်းတွေနဲ့ ကိုယ်ပျောက် ဒရုန်းတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.