နေပြည်တော် ၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့တဲ့ ထိုင်းဝန် ကြီးချုပ်ကို ပြောသွားခဲ့ပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ မဲခေါင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်လာတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝပ်ထရာက နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်ခေါင်းဆောင်နဲ့ သီးသန့်တွေ့ ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး၊ နယ်စပ်ကုန်သွယ် ရေးနဲ့ အလုပ်သမားဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ချမှတ်ထားတဲ့ ဦးတည်ချက်တွေအတိုင်း အ ကောင်အထည်ဖော်နေတာတွေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုအခြေအနေတွေကို စစ်ခေါင်းဆောင်က ထိုင်းဝန်ကြီးချုပ်ကို ပြောကြားခဲ့တာပါ။

လာမယ့် ဒီဇင်ဘာလအတွင်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပသွားဖို့ရှိနေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်ဖို့ရှိပေမယ့် စစ်ကောင်စီနဲ့ အတိုက်အခံအဖွဲ့အစည်းတွေပါဝင်ဖို့ ရှိ မရှိကိုတော့ မသိရသေးပါဘူး။

ဒီအတွက်ကြောင့် ထိုင်းဝန်ကြီးချုပ်က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာ့အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကြား ဝေဖန်မှုတွေလည်း ရှိနေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထိုင်းအစိုးရရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ သဘောထားတွေဟာ ပြောင်းလဲမှာ မဟုတ်ပေမယ့် ဆွေးနွေးပွဲအတွက် စစ်‌ကောင်စီနဲ့ ညှိနှိုင်းပြီး တစ်ဘက်အင်အား စုတွေရဲ့ သဘောထားကို တီးခေါက်တာလို့ သုံးသပ်ပါတယ်။

“ဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ Bilateral ဆွေးနွေးမှုတွေလည်း ရှိပါတယ်။ အဲဒီလိုရှိလာတဲ့အတွက်ကြောင့် ထိုင်းရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ သဘောထားတွေ ပြောင်းနိုင်သလားဆိုရင်တော့ ယေဘုံယျအားဖြင့် ပြောရရင် ပြောင်းလဲမှာ မဟုတ်ပါဘူး။ သို့သော် မပြောင်းလဲသော်ငြားလည်း နဂိုကတည်းက ထိုင်းရဲ့ သဘောထားက ပြတ်သားရှင်းလင်းစွာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာပြည်က ဒုက္ခသည်တွေကို စောင့်ရှောက်တာဝန်ယူမယ်ဆိုတဲ့ ကတိကဝတ် မရှိပါဘူး။အဲဒီအခါကျ သူက (ထိုင်းအစိုးရ) ခြံစည်းရိုးပေါ်မှာ နေတာပါ။တစ်ဘက်က စစ်ကောင်စီနဲ့လည်း သူတို့အနေနဲ့ ညှိနှိုင်းမယ်။ အခုလာမယ့် ဒီဇင်ဘာဆွေးနွေးပွဲဆိုတာ စစ်ကောင်စီဆန့်ကျင်နေတဲ့ အင်အား စုတွေရဲ့ သဘောထားကိုလည်း ခေါ်ယူတီးခေါက်တဲ့သဘောပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်တွင်းက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးပွဲကို ဦးဆောင်ပြီး ပြဿနာဖြေရှင်းနိုင်မယ့် လမ်းကြောင်းတစ်ခု ဖော်ထုတ်တဲ့အထိ မဖြစ်နိုင်ဘဲ အခြေအနေတွေကို ပိုမိုနားလည်‌အောင်လုပ်တာလို့ သူကထောက်ပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က စစ်ရေးအရ အဖြေမရှိနိုင်တဲ့အတွက် ဆွေးနွေးဖို့ အချိန်တန်ပြီလို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောကြားထားပါတယ်။

နိုင်ငံအနှံ့ ထိုးစစ်တွေကြောင့် အထိနာနေတဲ့ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရဖို့ လာမယ့်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲခေါင်ဒေသတွင်း နိုင်ငံတွေဆီက ထောက်ခံမှုရဖို့ တရုတ်ခရီး စဉ်အတွင်း စစ်ခေါင်းဆောင်က စည်းရုံးခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ်မတိုင်ခင် တရုတ်ဝန်ကြီးချုပ်၊ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ လာအိုဝန်ကြီးချုပ်တို့ကိုလည်း စစ်ခေါင်းဆောင်က သီးခြားစီတွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ့်အခြေအနေတွေကို ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.