ဖာပွန်၊ နိုဝင်ဘာ ၁၀
KNLA တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဖာပွန်စစ်ဗျူဟာမှာရှိနေတဲ့ တပ်မိ သားစုတွေကို စစ်ကောင်စီတပ်က အပြင်ထွက်ခွာ ခွင့်မပြုဘူးလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်ပြည်နယ် ဖာပွန်မြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တို့ကို ပြီးခဲ့တဲ့ မတ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဝိုင်းရံတိုက်ခိုက်ခဲ့ရာ ခလရ ၁၉၊ ခမရ ၄၃၄ အပါအဝင် တပ်ရင်း ၃ ရင်းကို သိမ်းပိုက်ရရှိထားသည်။
လက်ရှိမှာ ဖာပွန်စစ်ဗျူဟာနဲ့ စစ်ဗျူဟာနားကပ်လျက် ခမရ ၃၄၀၊ ခမရ ၃၄၁ တပ်ရင်းတို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်တို့က ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က စစ်ဗျူဟာအတွင်းမှာရှိတဲ့ သူတို့ရဲ့ တပ်မိသားစုဝင်တွေကို တင်းကျပ်ထားကာ အပြင်ကိုထွက်ခွာခွင့်မပြုဘူးလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုကဆိုပါတယ်။
KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အဖက်ဖက်ကနေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဖာပွန်ဗျူဟာမကျရေးအတွက် စစ်ကောင်စီတပ်ဖက်က အပြင်းအထန်ခုခံတိုက်ခိုက်နေသလို လေ ကြောင်းကနေလည်း လာရောက်ပစ်ကူပေးတာ လက်နက်ရိက္ခာပစ္စည်းတွေ လာရောက်ချပေးတာတွေ အဆက်မပြတ်လုပ်ဆောင်နေတာပါ။
ဒါ့အပြင် အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က ဖာပွန်ခရိုင်ထဲက ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိတာတွေ နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က ဖာပွန်ခရိုင်ထဲက စစ်ရေးအရအရေးပါတဲ့ ခေါပုတ်တပ်စခန်းကြီးကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို အရှင်ဖမ်းဆီးရမိတာတွေရှိသလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရခဲ့တဲ့ ဖာပွန်မြို့အခြေစိုက်တပ်ရင်းတွေထဲက တပ် ခွဲမှူး ၃ ဦးနဲ့ ဆေးမှူးတစ်ဦးအပါအဝင် စုစုပေါင်း ၁၇ ဦးကို ကောင်းမွန်စွာ ဆေးကုသပေးလျက်ရှိတယ်လို့လည်း တပ်မဟာ ၅ က အသိပေးထားပါတယ်။
ခေါပုတ်တပ်စခန်းကို သိမ်းပိုက်နိုင်လိုက်တဲ့အတွက် ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်သာ ကျန်ရှိတော့တာဖြစ်ပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေဖြစ်ကြတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်ရင်း ၂ ရင်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဝိုင်းရံပိတ်ဆို့ထားသလို အ ခြားတပ်စခန်းတွေရဲ့ အဝင်အထွက်လမ်းကြောင်း ရိက္ခာပို့လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။
KNLA တပ်မဟာ ၅ ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်စခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ဖာပွန်PDF