တနင်္သာရီ၊ နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အ လင်းဝင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ဆောင်ရွက်နေချိန် နိုဝင်ဘာ ၄ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာခဲ့တာပါ။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ မောင်ဝေလင်းနိုင် ဖြစ်ပြီး MA2 သေနတ်တစ်လက်၊ ကျည် ၂၀ တောင့်၊ ကျည်ဘောက်တစ်ခုနဲ့အတူ ထွက်ပြေးလာခဲ့တာဖြစ်ပြီး တပ်တွင်းမတရား ဖိနှိပ်ခံရတဲ့အပြင် ပြည်သူတွေကို မတရားဖိနှိပ်သတ်ဖြတ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက် အလင်းဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ကာ သူရဲ့ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးသွားဖို့ စီစဉ်နေတယ်လို့ အသိပေးထားပါတယ်။
တနင်္သာရီတိုင်းအတွင်းမှ ရဲတပ်ဖွဲ့ဝင်၊ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်ချိန်တွေမှာ ထိခိုက်သေဆုံးမှု ပိုမိုများပြားလာမှာ ဖြစ်တာကြောင့် ပြည်သူနဲ့အတူ အချိန်မီပူးပေါင်းပြီး လက်နက်နဲ့တကွ အလင်းဝင်လာပါက ကောင်းမွန်စွာ စောင့်ရှောက်ပေးမယ့်အပြင် ဂုဏ်ပြုဆုငွေ ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ကော့သောင်းမြို့နယ် အခြေစိုက်ခမရ ၄၃၁ တပ်စခန်းမှ စစ်ကောင်စီတပ်သား ၃ ဦး မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ် ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Tanintharyi PDF