မော်လမြိုင် ၊ နိုဝင်ဘာ ၉

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဝါဒဖြန့်ဘာသာရပ်တချို့ကို အခြေခံ ပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့BACS က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ စစ်မှုထမ်းဥပဒေတွေ၊ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေအ ပြင် အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့ အကြမ်းဖက်ဥပဒေစတဲ့ ဝါဒ ဖြန့်ဘာသာရပ်တွေကို အခုလက်ကျန်စာသင်နှစ် ဒါမှမဟုတ် လာမယ့်ပညာသင်နှစ်မှာ သင်ကြားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ကျောင်းတွေမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘာသာရပ် သင်ကြားနိုင်ဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်အ တွင်းက ရန်ကုန်၊ မကွေး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမတွေကို သင်တန်းပေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီသင်တန်းတွေကို စစ်ကောင်စီ လက်အောက်ခံ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနက ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ရည်ရွယ်ချက်အနေနဲ့ ဝါဒဖြန့်ဘာသာရပ်ကို ဆရာ၊ ဆရာမတွေက တဆင့် Grade 11 နဲ့ Grade 12 အတန်း အပါအဝင် အခြေခံပညာကျောင်းက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် လူငယ်တွေဆီ ပျံ့နှံ့စေဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

CDM ဆရာတစ်ဦးကတော့ စစ်ကောင်စီဟာ အရင်ကတည်းက တိုင်းရင်းသားအင်အားစုတွေ၊ ဖက်ဒရယ်အင်အားစုတွေနဲ့ သူတို့မကျေနပ်နဲ့ နိုင်ငံတွေကို သင်ရိုးအကြောင်းပြုပြီး ဝါဒမှိုင်းတိုက်ခဲ့သလို အခုအခါမှာလည်း သူတို့ရဲကောင်းကြောင်းကို ဝါဒဖြန့်ဖို့အဆင့်ဆင့် တိုးလုပ်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီစစ်တပ်ကတော့ ကျွန်တော်တို့ ဒီတိုင်းရင်းသားအင်အားစုတွေ ဖက်ဒရယ်အင်အားစုတွေနဲ့ သူတို့ မကျေနပ်တဲ့ နိုင်ငံတွေပေါ့။ ဆိုတော့အဲဒါတွေက အဆင့်ဆင့်သင်ရိုးကို အကြောင်းပြုပြီးတော့ ဝါဒမှိုင်းတွေက ဒီသင်ကြားရေးမှာ လုပ်ခဲ့ပြီးသားပါ။ အခုကျတော့ သူတို့ကပိုဆိုးလာတာ။ သူတို့က ကျွန်တော်တို့ ဒီဘက်က ဒီမိုကရေစီအင်အားစုတွေ လုပ်နေတဲ့ကိစ္စတွေ အကုန်လုံးက မသင့်တော်ဘူး။ မှားယွင်းနေတယ်။ ဒါတွေက မကောင်းဘူးဆိုတဲ့ဟာမျိုးကို ကလေးတွေကို ဝါဒမှိုင်းတိုက်ဖို့ ဆိုတာက နဂိုကတည်းက ရည်ရွယ်ချက်ကြီးကို ထင်ထင်ရှားရှား ပြောထားပြီးသားဆိုတော့ သူတို့က ဒါကို အဆင့်ဆင့်ထပ်တိုးမြှင့်ပြီးတော့ လုပ်လာတဲ့ သဘောလို့ပဲထင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက သူတို့ကောင်းကြောင်းတွေကို ကျောင်းသူကျောင်းသားတွေကြားထဲမှာ ဝါဒဖြန့်ဖို့ လုပ်ဆောင်ပေမယ့် အရင်ခေတ်တွေကလို မဟုတ်တာကြောင့် သူတို့အပေါ် ယုံကြည်မှုရှိမှာ မဟုတ်သလို ဆရာ၊ ဆရာမတွေကလည်း အတွေးအခေါ် အမှားတွေကို မသွတ်သွင်းဖို့ လိုအပ်တယ်လို့ သူ က ဆက်ပြောပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်ကတော့ ဝါဒဖြန့်ဘာသာရပ်သင်ကြားဖို့ လုပ်ဆောင်တာဟာ စစ်ခေါင်းဆောင်အနေနဲ့ အရင်စစ်အာဏာရှင်တွေအတိုင်း အုပ်ချုပ်ချင်တာကြောင့်ဖြစ်ပြီး အခုလို ပညာရေးကို ဖျက်ဆီးပစ်တာက အဆိုးဆုံးဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“သူကတော့ ဦးနေဝင်း ၂၆ နှစ်၊ ဦးသန်းရွှေ ၂၂ နှစ် အုပ်ချုပ်သလို သူကလည်း အနည်းဆုံး နှစ် ၂၀ လောက် အုပ်ချုပ်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဒါကြောင့်မို့လို့ အသေးစိတ်တွေ နောက်ကလိုက်တာပေါ့နော်။ ဒါပေမယ်လို့ ကျွန်တော်တို့က စစ်မြန်မြန်နိုင်လို့ရှိရင် သူ့ဥစ္စာပျက်မှာပဲ။ စစ်မြန်မြန်မနိုင်ဘူးဆိုရင်တော့ သူက ၁၅ နှစ်လောက် အုပ်ချုပ်သွားလိမ့်မယ်။ အဲ့ဒီတော့ ရှင်းရှင်းပြောရင်တော့ ကျွန် တော်တို့ စစ်မနိုင်လို့ အခုကရှေ့အတင့်ရဲလာတာပေါ့ဗျာ။ ဒီပညာရေးကို ဖျက်ဆီးပြစ်တာကတော့ အဆိုးဆုံးပေါ့ဗျာ”လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်စစ်တပ် အဆက်ဆက်အုပ်ချုပ်တဲ့ ကာလတွေတုန်းကတည်းက သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဖုံးဖိဖို့အတွက် ပညာရေးကိုအသုံးချပြီး ဝါဒမှိုင်းတိုက်ခဲ့ပြီးဖြစ်သလို လက်ရှိ စစ်ကောင်စီကလည်း အရင်ပုံစံအတိုင်း လုပ်ဆောင်ပေမယ့် အောင်မြင်မှာမဟုတ်ဘူးလို့ သူ က ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ဝါဒဖြန့်ဘာသာရပ် သင်ကြားနိုင်ဖို့အတွက် ဥပဒေအသိပညာ ပြန့် ပွားရေး ဆရာဖြစ်သင်တန်းဆိုတဲ့ ခေါင်းစဉ်နဲ့ သင်ကြားနေတာရှိသလို မှုခင်းအသိပညာပေး သင် တန်းနဲ့တွဲဖက်ပြီး ဥပဒေဖြန့်ဝေရေးဆိုတဲ့ ခေါင်းစဉ်တွေတပ်ကာ ဝါဒဖြန့်သင်တန်းတွေ ပေးနေတယ်လို့ BACS က ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေ၊ စည်းရုံးရေးကိစ္စတွေကို ဆယ်ကျော်သက် ကလေးငယ်တွေရှိတဲ့ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ် ရပ်ဝန်းတွေကို ဦးတည်ပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.