လောင်းလုံး၊ နိုဝင်ဘာ ၉

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးနဲ့ ရေဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ်က အင်အားအ များအပြားနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၅ ရက်နေ့ကတည်းက လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းနဲ့ ကျောက်နီမော်တပ်စခန်းတွေမှာ ရောက်ရှိနေပြီး အဲဒီကနေတဆင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ မောင်းမကန်နယ်မြေရဲစခန်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် သားတွေဟာ နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ရေဖြူမြို့နယ် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းဧရိယာ နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကလည်း နိုဝင်ဘာ ၆ ရက်နေ့ကစပြီး ကျောက်နီမော်ကျေးရွာကနေတဆင့် ဖိုးဖိုးကျောက်ကမ်းခြေရှိတဲ့ ညောပြင်ကျေးရွာတစ်ဝိုက်ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ညောပြင်၊ အောက်ကျောက်ဝပ်၊ အောက်ကျောက်ဝပ်ပြင်နဲ့ ကျောက်မတ်တပ်စတဲ့ ကျေးရွာတွေနဲ့ နဘုလယ်ဒေသ မူးဒူးကျေးရွာက ဒေသခံတွေရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပေမယ့် စစ်ကောင်စီက လမ်းမှာတွေ့တဲ့ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လောင်းလုံးမြို့နယ် အောက်ဘက်နဲ့ ရေဖြူမြို့နယ် နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဖိုးဖိုးကျောက်ကမ်းခြေတစ်ဝိုက်နဲ့ ရေနက်ဆိပ်ကမ်းရှိ မူးဒူးကျေး ရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်စွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခြောက်သောင်းနီးပါးရှိခဲ့တယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.