မော်လမြိုင်၊ နိုဝင်ဘာ ၈
မွန်ပြည်နယ် မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာရှိ မင်းသန့်စက်သုံးဆီဆိုင် မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း လူ တစ်ဦး သေဆုံးပြီး လူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီမီးလောင်မှုဟာ စက်သုံးဆီဆိုင်အနောက်ဘက်ရှိ ဆီသိုလှောင်ကန်အတွင်းသို့ ဆီဘောက်ဆာယာဉ်မှ ဆီချနေစဉ် မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးငြှိမ်းသတ်နေစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/11/b6a087d8-30ba-46fb-8a2d-65943ada707c.jpg?resize=640%2C295&ssl=1)
“မီးလောင်မှုမှာ ဒဏ်ရာရထားတဲ့ ဆီဘောက်ဆာယာဉ်မောင်းက ဒီနေ့ မနက်ပိုင်းမှာပဲ ဆုံးသွားတယ်။ စိုးရိမ်ရတဲ့ လူနာ သုံးဦးကလည်း အခြေအနေ ပြန်ကောင်းသွားပြီ။ အကုန်လုံးက မော်လမြိုင်ဆေးရုံမှာပဲ ကုသနေတယ်”လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/11/c961788e-26de-4287-b262-026d9ff65610.jpg?resize=640%2C480&ssl=1)
စက်သုံးဆီဆိုင် မီးလောင်ပေါက်ကွဲမှု မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦး၊ ဆိုင်ဝန်ထမ်း နှစ်ဦး ၊ စုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/11/82e68fb1-ed0b-4268-b653-ca8e366dff54.jpg?resize=640%2C295&ssl=1)
စက်သုံးဆီဆိုင် မီးလောင်မှုဟာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေ့ ၅ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ည ၁၀ နာရီလောက်မှသာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ မြန်မာမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – MFSD/Bo Bo Win