မုဒုံ၊ နိုဝင်ဘာ ၉
မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက မန်နေဂျာအပါအဝင် ဝန်ထမ်းသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က အင်အား ၂၀ ကျော်ပါတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD တပ်ဖွဲ့ဝင်တွေဟာ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံထဲ ဝင်ရောက်လာပြီးနောက် စက်ရုံမှူးအပါအဝင် တာဝန်ရှိသူသုံးဦးကို ဖမ်းဆီးခဲ့တာပါ။
နိုင်ဗညားမွန်က မွန်ဒေသမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး အချိတ်ဆက်ယူ ဆက်သွယ်ကြပေမယ့် ပြောဆိုထားပေမယ့် ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက အကြောင်းမပြန်တဲ့အတွက် ညှိနှိုင်းဆွေးနွေးဖို့ သွားရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် စက်ရုံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးတွေ လုပ်ဆောင်ပြီးပါက ပြန်လွှတ်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ ချိတ်ဆက်ဖို့ကျန်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဆက်သွယ်အကြောင်းကြားကြဖို့ တိုက်တွန်းတာပါ။
စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖမ်းဆီးခံရသူတွေဟာ စက်ရုံမှူး ဦးဘိုဘို၊ မန်နေဂျာ ဦးတင်ထွန်းအောင်နဲ့ တရုတ်နိုင်ငံသားပညာရှင်တစ်ဦး၊ စုစုပေါင်းသုံးဦးပါဝင်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
ဒါပေမယ့် နိုင်ဗညားမွန်ကတော့ ဖမ်းဆီးမှုမှာသုံးဦးဖြစ်ကြောင်း အတည်ပြုပေမယ့် ကျန်တစ်ဦးဟာ တရုတ်နိုင်ငံသား ပညာရှင်ဟုတ်မဟုတ် မြေပြင်ကအချက်အလက် မပို့လာသေးဘူးလို့ ဆိုပါတယ်။
ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံ တာဝန်ရှိသူတွေ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ကျိုက်ရွဲကျေးရွာကနေ လက်ခတ်တောင်တစ်လျှောက် တောနင်းရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP-AD/Social Media