ဆိုချီ၊ နိုဝင်ဘာ ၈

အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဂုဏ်ပြုခဲ့ပြီး သူနဲ့ ဆွေးနွေးဖို့ မော်စကို အနေနဲ့ အသင့်ရှိတယ်လို့ နိုဝင်ဘာ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ သူ့ကို သေနတ်သမား တစ်ဦးက လုပ်ကြံဖို့ ကြိုးပမ်းချိန်မှာ သတ္တိရှိရှိ တုံ့ပြန်ခဲ့တဲ့ အတွက်လည်း သမ္မတ ပူတင်က ချီးကျူး ပြောဆိုခဲ့ပါတယ်။

သမ္မတ ထရန့်ဟာ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ ဇူလိုင်လက မဲဆွယ်ဟောပြောနေချိန် သေနတ်သမား တစ်ဦးက လုပ်ကြံဖို့ ကြိုးပမ်းချိန်မှာ တကယ့် ယောက်ျားတစ်ယောက်လို တုံ့ပြန်ခဲ့တယ်လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

ဒါဟာ အမေရိကန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီးနောက် ပူတင်ရဲ့ ပထမဆုံး လူသိရှင်ကြား ပြောကြားမှု ဖြစ်ပါတယ်။
ထရန့်က မဲဆွယ်ကာလအတွင်း ရုရှားနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် တည်ဆောက်ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ထရန့်ရဲ့ အခုလို ပြောဆိုမှုတွေကို အာရုံစိုက်သင့်တယ်လို့ ပူတင်က ပြောကြားပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် တည်ဆောက်လိုတဲ့ ဆန္ဒကို ကြိုဆိုခဲ့ပါတယ်။

ထရန့်က မဲဆွယ်ကာလအတွင်း သူ သမ္မတအဖြစ် ရွေးကောက်ခံရရင် ယူကရိန်း စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပေမယ့် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပမှာ ဖြစ်ပွားနေတဲ့ အကြီးမားဆုံးစစ်ပွဲကို သူဘယ်လို အဆုံးသတ်အောင် လုပ်မလဲ ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ထရန့်က တွေ့ဆုံဆွေးနွေးဖို့ ပြောလာရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကို သမ္မတ ပူတင်က သူ့အနေနဲ့ ထရန့် အစိုးရနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

ထရန့်ဟာ ရုရှားရဲ့ သြဇာလွှမ်းမိုးခံထားရတဲ့ အေးဂျင့်ဖြစ်နေတယ်ဆိုတဲ့ အနောက်တိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ပူတင်နဲ့ ထရန့်တို့က ပယ်ချထားပါတယ်။

ထရန့်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ပထမသမ္မတ သက်တမ်းအတွင်း ရုရှားအပေါ် သဘောထား တင်းမာခဲ့တယ်လို့ ရုရှား အရာရှိတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲနဲ့ တခြား သမ္မတ ရွေးကောက်ပွဲတွေမှာ ရုရှားက ကြားဝင် နှောင့်ယှက်မှု မရှိသလို ပရမ်းပတာ ဖြစ်စေဖို့ ရည်ရွယ်ပြီး သတင်းအမှား ဖြန့်တာလည်း မရှိဘူးလို့ ကရင်မလင် နန်းတော် ခေါင်းဆောင်က ပြောကြားထားပါတယ်။

ရုရှား အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ရေး ဆွေးနွေးဖို့ အသင့်ရှိပေမယ့် ဝါရှင်တန် အစိုးရအပေါ်မှာ မူတည်နေတယ်လို့ ပူတင်က ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.