ကူမင်း၊ နိုဝင်ဘာ ၈
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပတဲ့ ဒေသဆိုင်ရာ ညီလာခံပြင်ပမှာ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့နဲ့ နိုဝင်ဘာ ၆ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မိမိတို့ နှစ်ဦး သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မျှော်လင့်ထားတာ တစ်ခုမှ မရှိခဲ့ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန်က ထိုင်းသတင်းထောက်တွေကို ပြောကြားပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ထိုင်းက စိတ်ကောင်းစေတနာနဲ့ ကူညီပေးမယ်လို့ ပြောကြားခဲ့ကြောင်းလည်း ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ် ပေသွန်ထန်က ပြောပါတယ်။
ပြီးခဲ့တဲ့လက လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာ ဝန်ကြီးချုပ် ပေသွန်ထန်က မြန်မာနိုင်ငံနဲ့ ပိုမို စေ့စပ် ညှိနှိုင်းကြဖို့ တိုက်တွန်းပြီး ပြဿနာကို စစ်ရေးအရ ဖြေရှင်းလို့ မရဘဲ ဆွေးနွေးကြဖို့ အချိန်ကျရောက်ပြီလို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး အရေးကြီးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထပ်လောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသဆိုင်ရာ ညီလာခံပြင်ပမှာ အခုလိုမျိုးခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး စစ်ခေါင်းဆောင်က မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရေး အကြံပေးမှုတွေနဲ့ ကမ္ဘောဒီးယား ပဋိပက္ခ အဆုံးသတ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ဝေမျှပေးတဲ့အတွက် ဝန်ကြီးချုပ် ဟွန်မာနတ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ နောက်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို မဝေးတော့တဲ့ အနာဂတ်မှာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် မာနတ်က ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရာမှာ အားလုံး ပါဝင်တဲ့ အထူးသဖြင့် အာဏာ စွဲကိုင်ထားတဲ့ စစ်တပ်ပါဝင်ဖို့ အရေးကြီးကြောင်းနဲ့ သံတမန်ရေးအရ ညှိနှိုင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်ကြဖို့ အရေးကြီးကြောင်းလည်း ဝန်ကြီးချုပ် မာနတ်က ပြောပါတယ်။
ဒါဟာ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်ပြီး အရင်က သွားရောက် ခွင့်ရရှိရေး ကြိုးပမ်းမှုတွေကို တရုတ်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံ ကြိုဆိုတာကြောင့် တရုတ်နဲ့ မြန်မာ ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။
Ref:Bangkokpost/The Phnon Penh Post