စင်ကာပူ၊ နိုဝင်ဘာ ၈
နိုဝင်ဘာ ၆ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ် ထရန့် အနိုင်ရရှိမှုကြောင့် ကမ္ဘာ့ စူပါအင်အားကြီး နိုင်ငံရဲ့ နယ်နိမိတ်တွေထက် ကျော်လွန်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မလေးရှားနဲ့ ဗီယက်နမ်တို့လို အမေရိကန်နဲ့ ကုန်သွယ်ရေး လိုအပ်ချက် ကြီးမားမှုရှိနေတဲ့ နိုင်ငံအများစုရှိရာ အာရှတိုက်အနေနဲ့ ထရန့်ရဲ့ ပထမ သမ္မတ သက်တမ်းနဲ့စာရင် ပြုမူဆက်ဆံခံရပုံ ခြားနားလိမ့်မယ်လို့ လေ့လာသူတွေက CNA သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပထမ မူဝါဒဟာ နောက်ဆုံးအကြိမ် ကြုံခဲ့ရချိန်ကထက် အများကြီး ပိုအားပြင်းလာနိုင်တယ်လို့ စင်ကာပူ ပြည်သူ့ရေးရာ အတိုင်ပင်ခံ အဖွဲ့ APAC Advisors ရဲ့ အကြီးတန်းအကြံပေး စတီဗန် အိုကွန်က ဆိုပါတယ်။
ဒီတစ်ကြိမ် သူ့ရဲ့ အစိုးရအဖွဲ့မှာ ပါဝင်မယ့် လူတွေဟာ အမေရိကန် အနေနဲ့ တစ်နိုင်ငံတည်း အလုပ်လုပ်ရင် ပိုအားကောင်းတယ်လို့ ယုံကြည်ထားသူတွေ ဖြစ်လာလိမ့်မယ်လို့ သူက ပြောပါတယ်။
အမေရိကန် ပထမမူဝါဒမှာ သံမဏိနဲ့ အလူမီနီယံတို့လို ပစ္စည်းတွေ အပေါ် ဒဏ်ခတ် အခွန်ကောက်တာတွေ၊ နိုင်ငံ တစ်နိုင်ငံလုံးကို အခွန်တိုးမြှင့်ကောက်ခံတာတွေ ပါဝင်ပါတယ်။
မဲဆွယ်ကာလအတွင်း ထရန့်က နိုင်ငံအားလုံးဆီက တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အခွန် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
သူက တရုတ်ကုန်စည်တွေအပေါ် အခွန် ၆၀ ရာခိုင်နှုန်းနဲ့ အထက် ကောက်ခံမယ်လို့ ပြောဆိုထားတာကြောင့် တရုတ်အနေနဲ့ နှစ်သက်ဖွယ် အကောင်းဆုံး ကုန်သွယ်ဖက်နိုင်ငံ အနေအထားကို ဆုံးရှုံးရနိုင်ပါတယ်။
ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံဟာ ထရန့်ရဲ့ ပထမ သမ္မတ သက်တမ်းဖြစ်တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲနေကြပါတယ်။
အထူးသဖြင့် ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်စတဲ့ ဒေသတွင်း အမေရိကန် မဟာမိတ်တွေ အနေနဲ့ သူတို့ရဲ့ အိမ်နီးချင်း အကြီးမားဆုံး ကုန်သွယ်ဖက် တရုတ်နိုင်ငံအပေါ် အမေရိကန်ဘက်က အခွန်ကောက်ခံမှုတွေရဲ့ သက်ရောက်မှုတွေကို သတိထားရလိမ့်မယ်လို့ စင်ကာပူ အမျိုးသားတက္ကသိုလ် နိုင်ငံရေး သိပ္ပံပညာရှင် ချောင် ဂျာ အီယန်က ပြောကြားပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဥပဒေတွေကို ဝေဖန်လေ့ရှိတဲ့ ထရန့် အနေနဲ့ ကုန်သွယ်ရေး အဖွဲ့အစည်းတွေကိုလည်း ဖိအားပေးလာနိုင်တာကြောင့် အာရှမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ထရန့်ရဲ့ ကြိုခန့်မှန်းရခက်တဲ့ စရိုက်ကြောင့် အာရှနိုင်ငံတွေအနေနဲ့ အမေရိကန် အခွန်ကောက်ခံမှုရဲ့ သက်ရောက်မှုတွေ အနည်းဆုံး ဖြစ်အောင် နည်းလမ်းရှာဖို့ စဉ်းစားထားရလိမ့်မယ်လို့ သူက ဆိုပါတယ်။
အာရှတိုက်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအပေါ် အရမ်း မှီခိုနေရတာ သိသာထင်ရှားတာကြောင့် တရုတ်၊ စင်ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ် အပြင် အခြားနိုင်ငံတွေအနေနဲ့ ကုန်သွယ်ရေးအတွက် ကြိုတင် နည်းလမ်း ရှာထား သင့်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
တရုတ်အပေါ် ထရန့်ရဲ့ ရန်လိုတတ်တဲ့ သဘောထားကြောင့် တရုတ် ရင်းနှီးမြှုပ်နှံမှု အများအပြား ရှိနေတဲ့ နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း အလားတူ ပြုမူမျိုးတွေအပြင် ကုန်သွယ်ရေးဆိုင်ရာတားမြစ် ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
Ref:CNA