နေပြည်တော် ၊ နိုဝင်ဘာ ၉
စစ်အင်အားလိုအပ်ချက်အရ တပ်သားသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး အကြောင်းမဲ့ပျက်ကွက်သူတွေကို ဥပဒေနဲ့အညီအရေးယူဖို့ စစ်ကောင်စီရဲ့ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသွားခဲ့တာပါ။
နေပြည်တောင်ကောင်စီအပါအဝင် တိုင်းနဲ့ ပြည်နယ်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေအ နေနဲ့ စစ်မှုထမ်းတွေအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့လိုတယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းအဖြစ် ဆေးအောင်ပြီး အကြောင်းမဲ့ပျက်ကွက်သူတွေနဲ့ သင်တန်းကျောင်းကို ရောက်ရှိပြီးမှ အကြောင်းမဲ့ပျက်ကွက်သူတွေကို အရေးယူဖို့ ပြောပေမယ့် ဘယ်ပုဒ်မတွေနဲ့ အရေး ယူမယ်ဆိုတာ မပြောသွားပါဘူး။
ဒါ့အပြင် သင်တန်းအမှတ်စဉ်အလိုက် သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ပေးဖို့ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းထားတာပါ။
မွန်ဒေသခံ ပြည်သူတစ်ဦးကတော့ လုပ်ငန်းခွင်နဲ့ပညာသင်ကြားမယ့် ၁၈ နှစ်အထက် လူငယ်တွေကို ပြည်တွင်းစစ်ကြီးမှာ စစ်မှုထမ်းခိုင်းတာဟာ တိုင်းပြည်အတွက်ရော မိသားစုအတွက်ပါ အဆင်မပြေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလိုမျိုးထုတ်ပြန်လေ တိုင်းပြည်က ပိုပြီးတော့ကျပ်တည်းတယ်လို့ မြင်တယ်။ အဓိကလူငယ်အ ရင်းအမြစ်တွေပေါ့။ လူငယ်တွေက လက်ရှိအချိန်မှာ လုပ်ငန်းခွင်ဝင်ရမယ့်အရွယ် ပညာသင်ကြားမယ့်အရွယ်က ၁၈ နှစ်အထက်ဆိုတာ တိုင်းပြည်က အားကိုးရတဲ့လူတွေက ဒီပြည်တွင်းစစ်ကြီးမှာသွားပြီး စစ်မှုထမ်းဖို့ သူတို့ရဲ့အချိန်တွေ ဘဝတွေပေးရမယ်ဆိုတော့ ဒါကဘယ်ဘက်ကြည့်ကြည့် အဆင်မပြေနေဘူး။ မိသားစုဘက်ကြည့်ရင်လည်း အဆင်မပြေသလို တိုင်းပြည်အတွက်လည်း အ ဆင်မပြေဘူးပေါ့။ အဲဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းအနေနဲ့ ဒီထက်ကောင်းတဲ့ အစီအ စဉ်တစ်ခုကို ရွေးချယ်မယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မြင်တာပေါ့”လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ရေးအဖွဲ့က စာရင်းသွင်းဖို့ ဆင့်ခေါ်တဲ့အချိန် လာရောက်ဖို့ ပျက်ကွက်တာ၊ မှတ်ပုံတင်ထားပြီး ဆေးစစ်ဖို့ ပျက်ကွက်သူတွေအနေနဲ့ ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူခံရမယ်လို့ ပြဌာန်းထားတာပါ။
အခုနှစ် ဖေဖော်ဝါရီမှာ စစ်ကောင်စီ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လက်ရှိအချိန်အထိ နည်းဥပဒေ မထုတ်ပြန်နိုင်သေးပေမယ့် သင်တန်းအပတ်စဉ်တွေအတွက် တပ်သားသစ်တွေကို နည်းမျိုးစုံနဲ့ စုဆောင်းနေတာပါ။
လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (အဋ္ဌမမူကြမ်း) ရရှိထားပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အ ဆင့်ဆင့်တင်ပြပြီးရင်တော့ နည်းဥပဒေတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆိုပါတယ်။
တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ အတင်းအဓမ္မဆင့်ခေါ်တာမျိုး မဖြစ်စေဖို့ သတ်မှတ်ညွန်ကြားချက်တွေ စံပြုလုပ်ထုံးတွေနဲ့အညီ အလေးထားဖို့လိုတယ်လို့ ပြောပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ ငွေကြေးနဲ့ စည်းရုံးတာ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ အကျပ် ကိုင်ဖမ်းဆီးခေါ်ဆောင်တဲ့ နည်းလမ်းတွေနဲ့ စစ်မှုထမ်းစုဆောင်းနေခဲ့တာလို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
တစ်ဘက်မှာရှေ့တန်းပို့ခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေမှာ ထိခိုက်သေဆုံးမှုနဲ့ ထွက်ပြေးသူတွေလည်း အများအပြားရှိနေပြီး အရေအတွက်အတိအကျကိုတော့ မကောက်ယူနိုင်သေးဘူးလို့ BACS က ဆိုထားပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်မှုးထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်တာမျိုး လုပ်နေသရွေ့ တပ်သားသစ်တွေလည်း တပ်သားဟောင်းတွေလိုမျိုး ထွက်ပြေးတာတွေ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
“အတင်းအဓမ္မခေါ်ဆောင်တဲ့ ပုံစံမျိုး လုပ်နေသမျှတော့ ဒီပြဿနာက ဆက်ရှိနေမယ်။ နဂိုရှိတဲ့ တပ် သားဟောင်းတွေတောင်မှ အလံဖြူထောင်တာတို့ ထွက်ပြေးတာတို့ ဒီကာလမှာလုပ်နေကြတဲ့အ ချိန်မှာ တပ်သားသစ်တွေကတော့ အဲဒီလမ်းကြောင်းကို လိုက်ဖို့လွယ်သွားတာပေါ့။ နဂိုကလည်း စိတ်ပါဝင်စားတာ မဟုတ်တဲ့အခါမှာ ဒီလိုပဲ သံသရာလည်နေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်ဗျ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဟာ အပတ်စဉ် ၆ အထိ ဖွင့်လှစ်ထားပြီး လာမယ့်အပတ်စဉ်အတွက် သတ်မှတ်အရေအတွက်ပြည့်မီရေး သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ညွှန်ကြားထားပါတယ်။
BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၅ အထိ လူဦးရေ ၂၁၀၀၀ ထက်မနည်း တပ်သားစုဆောင်းခံထားရပြီး အပတ်စဉ် ၃ ခုက သင်တန်းဆင်းဦးရေ ၁၃၀၀၀ ကျော်ကို ရှေ့ တန်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram