ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှားရှားပါးပါး တွေ့ဆုံမှုအတွင်း တရုတ်ဝန်ကြီးချုပ် လီကီကျန်းက စစ်ကောင်စီကို ကူညီမယ်လို့ ကတိပေးလိုက်ပါတယ်။

ဒါက ပိုဆိုးလာတဲ့ ပြည်တွင်းစစ်အတွင်း နယ်မြေတွေ ဆုံးရှုံးနေတဲ့ စစ်ကောင်စီကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဘေဂျင်းအစိုးရက ကြိုးပမ်းနေတဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာ ရင်ကြားစေ့ရေးနဲ့ အသွင်ကူးပြောင်းမှု အခြေအနေ တိုးတက်လာစေရေး တရုတ်က မြန်မာကို ထောက်ခံ ကူညီမယ်လို့ ဝန်ကြီးချုပ် လီကီကျန်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက် တွေ့ဆုံမှု အတွင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

စီးပွားရေး စင်္ကြံတွေနဲ့ လမ်းကြောင်း တစ်ခု ရပ်ဝန်း တစ်ခု စီမံကိန်းကတဆင့် မြန်မာနိုင်ငံရှိ မိမိတို့ အကျိုးစီးပွားတွေ တိုးတက်လာစေရေး လုပ်ဆောင်ဖို့လည်း တရုတ်က အသင့်ရှိတယ်လို့ ဝန်ကြီးချူပ် လီကီကျန်းက ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံရှိ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပါ့မယ်လို့ ကတိပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် တစ်ရပ်မှာ ဖော်ပြပါတယ်။

ခေါင်းဆောင် နှစ်ဦးဟာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ရပ်ဆိုင်းထားခဲ့ရတဲ့ နယ်စပ် ကုန်သွယ်ရေး ပြန်လည် စတင်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ စစ်တပ်က အရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန်က စစ်တပ်နဲ့ ဆက်စပ်သူတွေ၊ လုပ်ငန်းတွေကို အရေးယူ ပိတ်ဆို့မှုတွေပြုလုပ်ထားပြီး စစ်ကောင်စီ အနေနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး မဆောင်ရွက်ဘူးဆိုရင် နောက်ထပ် ပေးဆပ်ရလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးထားပါတယ်။

မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံး ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် သီတင်းပတ်အနည်းငယ် အကြာမှာ အခုလို တွေ့ဆုံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို ဘယ်သူက ကျူးလွန်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဘေဂျင်းအစိုးရက စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။

ဒီဖြစ်ရပ်က စစ်ကောင်စီ၊ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဘေဂျင်းအစိုးရကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် လုပ်ဆောင်ရာမှာ တရုတ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့တဲ့ အတွက် ဘေဂျင်းအစိုးရကို ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့က ဝေဖန်ခဲ့ကြပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်နေမှုတွေ အဆုံးသတ်ရေး မိမိတို့ကို တရုတ်က ဖိအားပေးလာရင်လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ မြန်မာ တော်လှန်ရေး အင်အားစုတွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ နယ်စပ်ဒေသတွေ အများစု အပါအဝင် နိုင်ငံ့နယ်မြေ ၈၆ ရာခိုင်နှုန်းကို လက်လွှတ်ထားရတာကြောင့် စစ်ဗိုလ်ချုပ်တွေ အနေနဲ့ ဘယ်လောက်ကြာကြာ အာဏာ ဆက်ယူထားနိုင်မလဲဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

Ref: Bloomberg News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.