ဘေဂျင်း၊ နိုဝင်ဘာ ၆

စစ်တပ်အနေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ မကောင်းတဲ့ ဘက်လိုက်တိမ်းညွတ်မှုတွေကို တိုက်ဖျက်ရမှာ ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၅ ရက်မှာဖော်ပြပါတယ်။

ဘေဂျင်းအစိုးရက လက်နက်ကိုင်တပ်တွေအတွင်းမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ မကြာသေးခင်က ပိုမို ဖိအားပေးဆောင်ရွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေခရိုင်မှာ တပ်ဖွဲ့ဝင်တွေကို မိန့်ခွန်း ပြောကြားချိန်အတွင်း သမ္မတ ရှီက စစ်တပ်အနေနဲ့ အရာရှိတွေနဲ့ စစ်သားတွေကြား အကျင့်ပျက်ခြစားမှုနဲ့ မကောင်းတဲ့ ဘက်လိုက် တိမ်းညွတ်မှုတွေကို လေးလေးနက်နက် စုံစမ်း စစ်ဆေးပြီး ဖြေရှင်းရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ရှီဟာ လက်နက်တွေကို စုံစမ်း စစ်ဆေးခဲ့ပြီး တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်အောက်ရှိ ဌာနဖြစ်တဲ့ လေကြောင်းတိုက်ခိုက်ရေး ဌာနချုပ်သို့ ခေတ္တဝင်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

မိမိတို့ရဲ့ တာဝန်နဲ့ မစ်ရှင်တွေကို ခေါင်းထဲမှာ အစဉ်အမြဲ တွေးထားရမှာ ဖြစ်ပြီး စစ်ပွဲအတွက် အမြဲအသင့်ရှိနေကြဖို့ အရေးကြီးတယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်မှာ အာဏာရလာပြီးနောက် သမ္မတ ရှီဟာ အကျင့်ပျက်ခြစားမှုတွေကို ဦးဆောင် နှိမ်နှင်းခဲ့ပါတယ်။

ဒီလို နှိမ်နှင်းမှုဟာ စစ်တပ်ထဲအထိ ပျံ့နှံ့ ရောက်ရှိလာခဲ့ပေမယ့် ဝေဖန်သူတွေက ဒါဟာ နိုင်ငံရေး ပြိုင်ဖက်တွေကို ဖယ်ရှားတဲ့ အစီအစဉ် ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

တရုတ်မှာ ကာကွယ်ရေးဝန်ကြီး လီချန်ဖု အပါအဝင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ အရေးယူ ထုတ်ပယ်ခံရတဲ့ အရာရှိတွေ အများကြီး ရှိနေပါတယ်။

အကျင့်ပျက်ခြစားမှု သံသယနဲ့ လောလောဆယ် စစ်ဆေးခံနေရတဲ့ အရာရှိတွေလည်း အများကြီး ရှိနေပါတယ်။

ဒီအတောအတွင်း တရုတ်ရေတပ်က မိမိတို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အွန်လိုင်း လောင်းကစားပွဲတွေမှာ မပါဝင်ကြဖို့ နိုဝင်ဘာ ၄ ရက်မှာသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.