နေပြည်တော် ၊ နိုဝင်ဘာ ၆
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စစ်ဒေသတည်ငြိမ်ရေးကို အတူတကွပူးပေါင်းပြီး အရှိန်မြှင့်တင်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၅ ရက်နေ့မှာ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
အဲဒီတွေ့ဆုံမှုအတွင်း နယ်စပ်ဒေသတည်ငြိမ်မှသာ သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံနဲ့ ယူနန်ပြည်နယ်ကြား နှစ်ဘက်ပူးပေါင်းမှုတွေ ပိုမိုမြှင်တင်နိုင်ရေး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွ အလေးထားဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အလားတူ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းတွေကို အားပေးနေတာက နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘူးလို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့သေးတာပါ။
ဒါဟာ တရုတ်-မြန်မာနယ်စပ် ကချင်နဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီကို တော်လှန်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို ဆက်လက်ဖိအားပေးဖို့ တရုတ်အစိုးရထံ တောင်းဆိုတဲ့ သဘောလို့ နားလည်ရပါတယ်။
လက်ရှိမှာလည်း ကချင်နဲ့ ရှမ်းမြောက်က နယ်စပ်ဒေသတွေမှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို မြောက်ပိုင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလည်း တရုတ်ဘက်က ပိတ်ဆို့ထားတာပါ။
စစ်ခေါင်းဆောင်ကတော့ နယ်စပ်ဒေသတည်ငြိမ်ပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာ တောင်းဆိုထားပါသေးတယ်။
သူ့ရဲ့ တရုတ်ခရီးစဉ်အတွင်း စီးပွားရေးပူးပေါင်းမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ ရှိနေပြီး တစ်ဘက်မှာ တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI