မကွေး နိုဝင်ဘာ ၆
မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ PRA Magway က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် ၁၁ မှာရှိတဲ့ အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့စစ်ကောင်စီကင်းစခန်း နှစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
“တိုက်ပွဲဖြစ်တဲ့ ကင်းစခန်းတွေမှာတော့ စစ်ကောင်စီတပ်သားတွေမရှိတော့ဘူး။ ဆုတ်သွားကြပြီ။ မရှိတော့ဘူး။ ဂုတ်ကြီးကျေးရွာ ရဲစခန်းရှေ့မှာတော့ လုံခြုံရေးယူတာမျိုးတွေရှိတယ်။ တချို့နေရာတွေမှာတော့ အချိန်းအပြောင်း လုပ်တာတွေရှိတယ်” လို့ PRA Magway ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ မကွေးတိုင်းအတွင်းမှာ ပထမဆုံး ထိုးစစ်ဖြစ်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဟန်ချက်ညီညီ စုဖွဲ့ပြင်ဆင်ပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ကိုနောင်သူရိန်က ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ မိနစ် ၃၀ ဝန်းကျင်ကြာမြင့်ကာ စစ်ကောင်စီဘက်က စစ်ကူရောက်လာပြီး နှစ်ဖက် ညှပ်ပစ်ခတ်တာနဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းကနေ ဟောင်ဝစ်ဇာတွေနဲ့ပစ်ခတ်တာကြောင့် ကင်းစခန်းကို အပြီးသတ် မရှင်းလင်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးနိုင်ပြီး ဒဏ်ရာရသူတွေကို နတ်ရေကန် လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်တွေနဲ့သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်း ကာကွယ်ရေးတပ်(ACDF) နဲ့မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media