နေပြည်တော် ၊ နိုဝင်ဘာ ၆

အရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာ တည်ရှိနေတဲ့ တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး ပါဝင်နေကြတဲ့ အင်အားစုတွေကို အပြိုင်အဆိုင် ချဉ်းကပ်လာပါတယ်။

တရုတ်က သူတို့နိုင်ငံမှာပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့သလို အိန္ဒိယကလည်း ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အတိုက်အခံအင်အားစုတွေ၊ EAOs တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ တရုတ်နဲ့ အိန္ဒိယတို့ဟာ သူတို့ရဲ့ မဟာဗျူဟာ ဦးတည်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး နယ်မြေနဲ့ အင်အားတိုးချဲ့မှုအတွက် အပြိုင်ကြိုးပမ်းခဲ့ကြတဲ့ အင်အား စုတွေလို့ သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပြီး အာဏာ သိမ်းမှုအတွင်း ပထမဆုံးခရီးစဉ်ပါ။

တစ်ဘက်မှာ စစ်ရေးအရ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့ရပြီးနောက်ပိုင်း စစ်ကောင်စီက ရွေးကောက် ပွဲကျင်းပနိုင်ရေးခေါင်းစဉ်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုရရှိဖို့ သံတမန်ဆက်ဆံရေးကို တည် ဆောက်လာနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေကြား နိုင်ငံရေးဘုံသဘောတူညီချက်တွေ မရှိနေတဲ့အခြေအနေမှာ အခုလိုလက်တွေ့အသုံး ချတာလို့ သုံးသပ်ပါတယ်။

“အဲဒီတည်ဆောက်မှုက ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကြားထဲမှာ တူညီတဲ့ နိုင်ငံ ရေးသဘောတူညီချက် ရှိမနေတဲ့အချိန်အတွင်းမှာ အများကြီးအကျိုးသက်ရောက်မှု ရှိနိုင်တယ်။ အဲဒီလိုအခြေအနေကို လက်တွေ့ကျကျ အကောင်အထည်ဖော်တယ်၊ လက်တွေ့ ကျကျ အသုံးချတယ်လို့ပဲ ကျွန်တော်တို့ မြင်လို့ရတယ်ခင်ဗျ”လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ဇွန် ၁၅ ရက်နေ့မှာ ထုတ်ပြောပြီးနောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီက စစ်ကောင်စီ မှတ်ပုံတင်ချပေးထားတဲ့ နိုင်ငံရေးပါတီတချို့ကို တရုတ်ခရီးစဉ်အဖြစ် ဖိတ်ကြားတာလည်း ရှိနေတာပါ။

အဲဒီပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သလို စစ်‌ကောင်စီခန့်ဝန်ကြီးနဲ့ အကြံပေးအဖွဲ့မှာ ပါဝင်သူတွေရဲ့ ပါတီသုံးပါတီလည်း ပါဝင်ပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ စစ်ကောင်စီ ပြိုကွဲသွားရင် တိုင်းပြည်ဖရိုဖရဲဖြစ်မယ်ဆိုတဲ့ အမြင်နဲ့ နယ်စပ်ကအတိုက်အခံအင်အားစုတွေကို ဖိအား‌ပေးပြီး တစ်ဘက်မှာ စစ်‌ကောင်စီနဲ့ ပုလဲနံသင့်တဲ့ အင်အားစုတွေကို ဆွေးနွေးညှိနှိုင်းနေတာပါ။

ဒါပေမယ့် အိန္ဒိယကတော့ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများကို တော်လှန်ရေးအဖွဲ့တွေက လွှမ်း မိုးထားတဲ့အတွက် စစ်ကောင်စီနဲ့ ဆွေးနွေးရုံမပြီးဘဲ မြန်မာ့ပြဿနာဖြေရှင်းဖို့ ဘက်အသီးသီးကို ချဉ်းကပ်လာတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အိန္ဒိယအနေနဲ့ စစ်‌ကောင်စီကို ဆန့်ကျင်တဲ့ လက်နက် ကိုင်အင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေပါ ခေါ်ယူပြီး မြန်မာ့အရေးဖြေရှင်းဖို့ နားလည်မှု တည် ဆောက်နေတာလို့ သုံးသပ်ပါတယ်။

“တရုတ်က မင်းအောင်လှိုင်နဲ့ပတ်သက်တဲ့ အင်အားစုတွေကို ဖိတ်ခေါ်ပြီး ဆွေနွေးစည်းရုံးနေတဲ့အချိန်မှာ အိန္ဒိယကလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အင်အားစုတွေ လက်နက်ကိုင်အင်အားစုတွေ နိုင်ငံရေးအင်အားစုတွေပါ ခေါ်ယူပြီး ဗမာပြည်ပြဿနာဖြေရှင်းရေးအတွက် သူကလည်း နားလည်မှုတစ်စုံတစ်ရာ တည်ဆောက်နေတာ ဖြစ်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရက ဦးဆောင်ပြီး နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ၊ အပစ်ရပ်ထိုး EAOs တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ကိုယ်စား လှယ်တွေ တက်ရောက်နေကြတာပါ။

အလားတူ အိန္ဒိယရဲ့ ကမ္ဘာ့ရေးရာကောင်စီ ICWA က ကျင်းပတဲ့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အာရက္ခတပ်တော် AA နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကိုလည်း ဖိတ်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.