သိမ်ဇရပ်၊ နိုဝင်ဘာ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး သုံးခွကျေးရွာနဲ့ရေကျော်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ် ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင် စီဘက်ကလည်း ငါးဦးထက်မနည်း ထိခိုက်သေဆုံးတာတွေရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ လက် နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာလည်း အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မဲရုံလေးကျေးရွာကနေတဆင့် ကျောက်ပုံ၊ မဲရုံကြီး၊ မိုးဘောနတ်စင်ဘက်ခြမ်းကနေ ကော်ကပ်အထိ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျောက်ပုံ၊ မိုးဘောနတ်စင်၊ မဲရုံကြီးကျေးရွာတွေက ဒေသခံ ၁၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media