မော်စကို၊ နိုဝင်ဘာ ၂

ယူကရိန်းမှာ ရုရှား အောင်ပွဲရတဲ့အထိ မော်စကိုတပ်တွေနဲ့ အတူ ရပ်တည်သွားမယ်လို့ မော်စကိုခရီးစဉ်အတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲအတွင်း မြောက်ကိုရီးယားနိုင်ငံ ဝင်ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အခုလိုမျိုး ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့နဲ့ ဆွေးနွေးပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယား စစ်သားတွေ ရုရှားသို့ ရောက်ရှိနေပြီး မကြာခင် ယူကရိန်း စစ်ပွဲအတွင်း အသုံးပြုလာနိုင်တယ်လို့ အနောက်တိုင်းက ပြောဆိုထားချိန်မှာ ဝန်ကြီး ချိုဆွန်ဟွီဟာ မော်စကိုသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ စစ်တပ်တွေနဲ့ အထူးဌာနတွေကြား ဆက်ဆံရေး အားကောင်းလာမှုကို ဝန်ကြီး လက်ဗရော့က ကြိုဆိုကြောင်း ပြောကြားထားပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယား စစ်သားတွေ ချထားတယ်ဆိုတဲ့ အနောက်တိုင်းရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးစလုံးက တုံ့ပြန် ပြောဆိုသွားတာ မတွေ့ရပါဘူး။

ပြုံးယမ်းနဲ့ မော်စကိုကြား ပြီးခဲ့တဲ့ နွေရာသီက ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု တရပ်ကို လက်မှတ် ရေးထိုးခဲ့တာပါ။

ရုရှားက ယူကရိန်းသို့ စစ်သားတွေ စေလွှတ်ခဲ့ပြီး နောက်ပိုင်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်နေသလို အီရန်နဲ့လည်း ဆက်ဆံရေးကောင်းအောင် လုပ်ဆောင်နေပါတယ်။

မြောက်ကိုရီးယား စစ်သားတွေ ချထားမှုနဲ့ ပတ်သက်လို့ အနောက်တိုင်းက တုံ့ပြန်မှု တခုမှ မရှိသေးတဲ့ အပေါ် ယူကရိန်း သမ္မတ ဇီလန်စကီးက ဝေဖန်ထားပါတယ်။

မြောက်ကိုရီးယား စစ်သားတွေ ပြန်လည် ဆုတ်ခွာရေး တောင်ကိုရီးယားနဲ့ အမေရိကန်တို့က တောင်းဆိုထားပါတယ်။

ယူကရိန်းမှာ လက်နက်နဲ့ တပ်ဖွဲ့ဝင် အင်အား အများကြီး ဆုံးရှုံးခဲ့ပြီးနောက် ရုရှားက ရာဇဝတ်ကောင်တွေကို စစ်သားအဖြစ် ခေါ်ယူနေသလို အိန္ဒိယနဲ့ နီပေါလ်အပါအဝင် နိုင်ငံခြားသားတွေကို မက်လုံးပေးပြီး စစ်သားသစ်အဖြစ် ခေါ်ယူနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.