မော်လမြိုင် ၊ နိုဝင်ဘာ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ လုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်နဲ့ပျူစောထီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေဟာ အရင်ကလုံခြုံရေးအကြောင်းပြချက်နဲ့ လူစည်ကားရာ နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေကိုပါသာ လုပ်ဆောင်ခဲ့တာပါ။

ဒါပေမယ့် အခုနောက်ပိုင်းမှာ ယာဉ်ထိန်းရဲတွေသာ စစ်ဆေးခွင့်ရှိတဲ့ ဆိုင်ကယ် ဦးထုတ်စစ်ဆေးတာတွေ၊ နံပါတ်ပြား စစ်ဆေးတာတွေ၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးတာတွေအပြင် ယာဉ်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ စစ်ဆေးပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေဟာ အင်အားချဲ့ထွင်ပြီး နေ့ဘက်တွေမှာ ပိုက်ဆံလိုရင် ယာဉ်ထိန်းရဲလုပ်ရမယ့် အလုပ်တွေလုပ်ကာ ပြည်သူတွေကိုငွေညှစ်ပြီး တရားဝင် အေးဓားပြတိုက်နေတယ်လို့ ဝေဖန်တာပါ။

“ဒီတခြား မြို့နယ်တွေ ပြည်နယ်တွေကတော့ ဒီလောက်မဟုတ်ဘူးပေါ့။ မော်လမြိုင်မှာကတော့ သူတို့ ကြီးစိုးနေတယ်လေ။ သူတို့တဖြည်းဖြည်းနဲ့ အင်အားတွေ ချဲ့ထွင်လာတယ်။ လမ်းဘေးမှာ ဆိုက်ကားနင်းတဲ့သူတွေ မူးရူးနေတဲ့သူတွေကို အခုစည်းရုံးပြီးတော့ ယူနီဖောင်းတွေ ဝတ်ပေးပြီးတော့ လုပ်ပိုင်းခွင့်တွေပေးတယ်၊ အခုသူတို့ လုပ်ချင်ရာလုပ်တယ်။ ဥပမာလိုင်စင်မပါတာ Without ဦးထုပ်မပါတာကအစ အကုန်လုံးပေါ့။ ဖုန်းတွေစစ်တာကအစ အကုန်လုံးလုပ်တယ်။ ပိုက်ဆံညှစ်တယ်။ အခုမော်လမြိုင်မြို့မှာ တရားဝင်အေးဓားပြတိုက်တာ”လို့ ဆိုပါတယ်။

ဒါ့အပြင် ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးတဲ့နေရာမှာတော့ ဆိုင်ကယ်ဦးထုပ်၊ မှန်ထောင်၊ လိုင်စင်အပါအဝင် ယာဉ်နဲ့ပတ်သတ်တဲ့ တစ်ခုခုမပါရှိပါက အနည်းဆုံးပိုက်ဆံသောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံနေတယ်လို့ သူကဆက်ပြောပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွေဟာ အရင်ကလုံခြုံရေး အကြောင်းပြချက်နဲ့ လက်နက်ခဲယမ်း ရှာဖွေတာတွေလောက်သာ ပြုလုပ်ခဲ့ရာမှ လက်ရှိလုံခြုံရေးနဲ့ မသက်ဆိုင်တဲ့ ယာဉ်စည်းကမ်း စစ်ဆေးတာတွေကအစ ပြုလုပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ သွားလာဖို့တောင် အခက်အခဲရှိလာတာပါ။

လက်ရှိမှာလည်း လုံခြုံရေးအကြောင်းပြပြီး မြို့အတွင်းလှည့်လည်တာ၊ လူစည်ကားရာ နေရာတွေနဲ့ မထင်မှတ်တဲ့ နေရာတွေမှာ ရပ်တန့်စစ်ဆေးတာအပြင် အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး ဧည့်စာ ရင်း စစ်ဆေးကာ ငွေကြေးတောင်းခံတာတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.