ကွတ်ခိုင်၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
ကွတ်ခိုင်မြို့ကို ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီမှ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံး ၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲမှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၂ အတွင်းရှိ အကောက်ခွန်ဌာနရုံး၊ နတလ ကျောင်း၊ EPC ရုံး၊ အေးရှားဝေါလ်တိုးဂိတ်အနီးနဲ့ ယူကလစ်တောတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနီးနားရှိ ကျွဲတစ်ကောင်နဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ကျန်ရှိနေပြီး PSLF/TNLA သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖယ်ရှားဖို့ ကြိုးစားနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီတပ်မှ လေကြောင်းကနေ ၄ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်