ဆိုးလ်၊ နိုဝင်ဘာ ၁
လုပ်ကြံသတ်ဖြတ်ခံရမှာ စိုးရိမ်တာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ လုံခြုံရေးကို တိုးမြှင့်ထားကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက လွှတ်တော်အမတ်တွေကို အသိပေးထားပါတယ်။
ဒီလို လုံခြုံရေးအဆင့် တိုးမြှင့်ရာမှာ ဆက်သွယ်ရေး လိုင်းဖြတ်တောက်တဲ့ ဂျမ်မာတွေ၊ ဒရုန်း စစ်ဆေးရေးစနစ်တွေ ပါဝင်တယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က အောက်တိုဘာ ၃၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အခုနှစ်အတွင်း ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အများရှေ့ ထွက်တဲ့ အကြိမ်ရေ သိသိသာသာ ပိုများလာပြီး ပြီးခဲ့တဲ့ နှစ်ကထက် ၆၀ ရာခိုင်နှုန်း ပိုများလာတယ်လို့လည်း တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောကြားထားပါတယ်။
ဒါပေမဲ့ ကင်ဂျုံအန်ဟာ ဘယ်လိုမျိုး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာကိုတော့ တောင်ကိုရီးယား ထောက်လှမ်းရေးက ဖော်ပြမထားပါဘူး။
ခေါင်းဆောင် ကင်ဂျုံအန်က တစ်ဦးတည်းသော နိုင်ငံ့ခေါင်းဆောင် နေရာ ခိုင်မာစေရေး ကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း တောင်ကိုရီးယားက ပြောပါတယ်။
ကင်ဂျုံအန်ရဲ့ သမီး ကင်ဂျူအေးဟာလည်း ဖခင်၊ အဒေါ်ဖြစ်သူတို့နဲ့ အတူ တရားဝင် အခမ်းအနားတွေ တက်ရောက်ပြီး အရေးပါသူ တစ်ယောက် ဖြစ်လာနေပြီ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရုရှားမှာ လေ့ကျင့်ဖို့ စစ်သား ၁၀၀၀၀ စေလွှတ်ထားပြီး မကြာခင်မှာ ယူကရိန်းနဲ့ တိုက်ခိုက်နေတဲ့ ရှေ့တန်းသို့ ရောက်ရှိလာနိုင်ကြောင်း အမေရိကန် စစ်ဌာနချုပ်က ပြောကြားပြီးနောက် ကင်ဂျုံအန်ရဲ့ လုံခြုံရေး တိုးမြှင့်တဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး ကူညီပေးတဲ့အတွက် ရုရှားဆီက အဆင့်မြင့် နည်းပညာတွေ ပြန်လည် ရရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ် နေပါတယ်။
ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ယူကရိန်း တပ်တွေကို ပြန်လည် တိုက်ထုတ်ဖို့ ရုရှားတပ်တွေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတဲ့ ကာ့စ်ဒေသသို့ မြောက်ကိုရီးယား စစ်သားတွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် မက် ရူတီက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား စစ်သားတွေ ချထားမှုနဲ့ ပတ်သက်လို့ အနောက်တိုင်းက လုံးဝ အရေးယူ ဆောင်ရွက်မှု မရှိသေးတဲ့ အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြစ်တင် ရှုတ်ချထားပါတယ်။
ဒီအတောအတွင်း မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်အသစ် တစ်စင်း ပစ်ခတ်စမ်းသပ်ခဲ့တာကြောင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပါတယ်။
Ref:Independent