ကျိုက်ထို၊ နိုဝင်ဘာ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်း ထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ် ရှားနေတဲ့ ကျိုက်ထိုမြို့နယ် ကျောက်ပုံ၊ မဲရုံကြီးနဲ့ မိုးဘောနတ်စင်ကျေးရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေဟာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က တိုက်ပွဲဖြစ်ပွားနေပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်မသိရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်ပုံကျေးရွာရှိ KNLA/PDF စစ်ဆေးရေးဂိတ်တစ်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိမှာလည်း စစ်ကြောင်းထပ်ထိုးနေတယ်လို့ ဆိုပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ပုံကျေးရွာအပါအဝင် ကျေးရွာသုံးရွာက ဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ အဆိုအရ စစ်ကောင်စီစစ်ကြောင်းဟာ မဲရုံလေးကျေး ရွာကနေ ကျောက်ဖျာကျေးရွာအထိ စစ်ကြောင်းထပ်ထိုးမယ့် အခြေအနေကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းနဲ့ကျောက်တန်းလေးကျေးရွာထဲ စစ်ကောင် စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ