မြဝတီ၊ အောက်တိုဘာ ၃၀
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့မှာ KNLA PDF တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်နဲ့ ကော့ကရိတ်မြို့အနီး ဒေါနတောင်ပေါ်လမ်းဟောင်းနား ရန်ကုတ်ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျပူးပေါင်းစစ်ကြောင်းတွေနဲ့ KNLA PDF တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့အကြား အခုလအောက်တိုဘာလ တတိယအ ပတ်အကုန်လောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ပြင်းထန်လာနေခဲ့တာပါ။
အောက်တိုဘာ ၁၇ ရက်နေ့က လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်အ မြောက်ကုန်းကို KNLA PDF တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပြီးတဲ့နောက် ကော့ကရိတ်မြို့အနီးဝန်းကျင်နေရာတွေနဲ့ အာရှလမ်းမကြီးပေါ်ဘက်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က ကော့ကရိတ်မြို့အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်ထဲ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးရဲ့ ထုတ်ပြန်ထားချက်အရ အောက်တိုဘာ ၂၆ ရက်နေ့က အာရှလမ်းမကြီးတစ်နေရာမှာ စစ်ကောင်စီအောင်ဇေယျစစ် ကြောင်းနဲ့ KNLA PDF တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဆီကနေ ကျည်ကာပြားတွေနဲ့ လက်နက်ကြီးကျည်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ကော့ကရိတ်မြို့အနီး ဒေါနတောင်ပေါ်လမ်းဟောင်းအနီးနဲ့ အာရှလမ်းမပေါ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်နေသလို ကော့ကရိတ်မြို့အနီးပတ်ဝန်းကျင် ကျေးရွာတွေထဲကိုပါ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တဲ့အ တွက် အရပ်သားပြည်သူတွေ ထိခိုက်မှုရှိခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ မြဝတီ သင်္ဃန်းညီနောင်ဒေသတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လပိုင်းကတည်းက အောင်ဇေယျစစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့ချေမှုန်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဟာ အထိနာနေခဲ့တာပါ။
ဒီလို အထိနာနေတဲ့ အောင်ဇေယျစစ်ကြောင်းထဲကို စစ်ကောင်စီတပ်က နောက်ပိုင်းတွေမှာ စစ် သင်တန်းဆင်း တပ်သားသစ်တွေနဲ့ တပ်အင်အားပြန်လည်ဖြည့်ဆည်းတာတွေ ဆက်တိုက်လုပ် ဆောင်လာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU