ထားဝယ် အောက်တိုဘာလ ၃၀
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေက သံလွင်တိုင်းမ်ပြောပါတယ်။
ဒီကနေ့ မနက် ၆ နာရီခန့်မှာ မောင်မယ်ရှောင်ကျေးရွာအစွန် ရေဖြူဘက်အထွက်မှာ ခံစစ်ကုန်းပြင်နေတဲ့ စစ်ကောင်စီအင်အား ၃၀ ခန့်ကိုတော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက် ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်ကြေးကောက်တဲ့ဂိတ်ကို အရင်ဆုံးပစ်ခတ်ခဲ့ပြီးတဲ့နောက် အဲဒီအနီးနားကနေအိမ်တွေမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂိတ်နဲ့နေအိမ်လိုင်းခန်းတွေအတွင်းမှာ လဲကျသေဆုံးနေတဲ့ အလောင်းတွေကို တွေ့ခဲ့ရကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဂိတ်မှာ ပိုက်ဆံကောက်နေတဲ့ တပ်သား ၃ ဦးနဲ့နေအိမ်တွေမှာရှိနေတဲ့ တပ်သား ၇ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုနဲ့တိုက်ပွဲအသေးစိတ်ကိုတော့ သက်ဆိုင်ရာတော်လှန် ရေးအဖွဲ့တွေကနေ သတင်းထုတ်ပြန် ကြေညာပေးသွားမယ်လို့ သိရပါတယ်။
အဲဒီ စစ်ကောင်စီအဖွဲ့ဟာ မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတာ ၃ လကျော်ခန့်ရှိနေပြီး ကျေးရွာအစွန်တံတား နှစ်ခုအကြားမှာ ခံတပ်တည်ဆောက်နေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီအဖွဲ့တွေ ကျေးရွာထဲ တပ်စွဲနေထိုင်နေလို့ ဒေသခံတွေဟာကျေးရွာကို စွန့်ပစ်ပြီး ထွက် ပြေးနေရကာ ဒီနေ့အထိနေအိမ်မပြန်လာရဲကြသေးဘူးလို့ ဆိုပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မောင်မယ်ရှောင်ကျေးရွာမှာ စစ်ကောင်စီက ၄ ကြိမ်အထိ မီးရှို့ခဲ့လို့ နေအိမ် ၂၀ ထက် မနည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media