ဘရပ်ဆဲလ်၊ အောက်တိုဘာ ၂၉

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း တစ်ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ သမ္မတဟောင်း ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်ရောက်လာနိုင်ခြေကို ဥရောပနိုင်ငံ တော်တော်များများက စိုးရိမ်နေကြပါတယ်။

လာမယ့် နိုဝင်ဘာ ၅ ရက်မှာ ရီပက်ဘလေကန်ပါတီ ကိုယ်စားလှယ်လောင်း ထရန့်ကသာ အနိုင်ရသွားမယ်ဆိုရင် အမေရိကန်ဟာ အာဏာရှင်စနစ်ဘက်ကို ဦးလှည့်သွားမှာ ဖြစ်ပြီး အပြန်အလှန်အနေနဲ့ ဥရောပတိုက်အတွင်းနဲ့ အဲဒီထက် ကျော်လွန်ပြီးတော့ လူပြိန်ကြိုက်၊ အမျိုးသားရေးဝါဒီ ခေါင်းဆောင်တွေကို ပိုပြီး ရဲတင်းလာစေလိမ့်မယ်လို့ ဥရောပနိုင်ငံတွေက ယုံကြည်ထားကြပါတယ်။

ဒါက ဥရောပရဲ့ လက်ယာစွန်း နိုင်ငံရေးပါတီတွေရဲ့ လူကြိုက်များမှု ပိုများလာချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထရန့်ကို ဟန်ဂေရီရဲ့ လက်ယာယိမ်း အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘင်က ထောက်ခံထားပြီး ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မကျင်းပခင် ဥရောပ ခေါင်းဆောင်တွေ အနေနဲ့ တစ်ဖက်စောင်းနင်း ပြောဆိုမှုတွေ လုပ်လေ့ မရှိကြပေမယ့် ဥရောပလွှတ်တော်သို့ ပြောဆိုရာမှာ ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်က ထရန့် အနိုင်ရရင် ရှန်ပိန်နဲ့ အောင်ပွဲခံမယ်လို့ ပြောဆိုထားပါတယ်။

အီးယူရဲ့ သက်တမ်း အရှည်ကြာဆုံး နိုင်ငံ့ခေါင်းဆောင် ဝန်ကြီးချုပ်အော်ဘင်ဟာ သဘောထား အလယ်အလတ် ဒီမိုကရေစီလို့ ခေါ်ဝေါ်တဲ့ စနစ် ပေါ်ပေါက်ရေး ကြိုးပမ်းနေတာကြောင့် ရှေးရိုးစွဲ လူပြိန် ကြိုက်တွေကြား ထောက်ခံမှု ရရှိနေပါတယ်။

ထရန့်သာ သမ္မတ ထပ်ဖြစ်လာရင် ရုရှား သိမ်းယူထားတဲ့ နယ်မြေတွေကို ယူကရိန်းက လက်လျှော့ ဆုံးရှုံးပေးဖို့ စည်းရုံးလာနိုင်တယ်လို့ ဥရောပနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

ထရန့်က သူသမ္မတ ဖြစ်လာရင် ယူကရိန်းသို့ အကူအညီ ပေးပို့မှုကို ဖြတ်တောက်ပစ်မှာ ဖြစ်ပြီး စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

မဲဆွယ်ချိန်ကလည်း ထရန့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဝေဖန်ခဲ့ပြီး သူဟာ ထာဝရ အကြီးကျယ်ဆုံး အရောင်းစာရေး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ထပ် နေတိုး မဟာမိတ်အဖွဲ့အနေနဲ့ ထရန့်သာ အမေရိကန် သမ္မတ ဖြစ်လာလို့ သူတိုးမြှင့် သုံးစွဲခိုင်းတဲ့ ကာကွယ်ရေး အသုံးစရိတ် ပမာဏအတိုင်း မသုံးတဲ့ နိုင်ငံတွေအပေါ် ဖိအားတွေ ရှိလာမှာကိုလည်း ဥရောပနိုင်ငံတွေ စိုးရိမ်နေကြပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.