နောင်ချို၊ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ်ရှိ သပြေရပ်ကွက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံးအပါအဝင် စုစုပေါင်းဗုံးသီး ၁၁ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သပြေရပ်ကွက်နေ အသက် ၆၀ နှစ်အရွယ် ဦးသိန်းထွန်းဟာ ဗုံးစထိမှန်သေဆုံးခဲ့ပြီး အသက် ၅၀ နှစ်ဝန်းကျင် ဒေါ်ပု ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃ လုံးလည်း ပျက် စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်က နမ့်ခမ်းမြို့ စခန်းသစ်၊ မန်ဆာနတ်စဉ်ကုန်းနဲ့ လယ်ကွက်နားတွေမှာ ဗုံး ၈ လုံးလာရောက်ကြဲချခဲ့ပေမယ့် အရပ်သားတွေ ထိခိုက်တာတွေမရှိဘဲ ဒေသခံတွေရဲ့ စပါးခင်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ မုံးစီးမြို့နယ် ရေပူစမ်းအနီးကို ဗုံး ၈ လုံးထက်မနည်း လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် သေဆုံးသူ ၃၃၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၇၂ ဦးရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် HRAN က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA